Home
မြန်မာသတင်း
မွန်-ကရင်နယ်စပ် ကမ်းနီကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်ကဗုံးကြဲ၊ သင်္ကြန်တွင်း ဥပုသ်သီလယူရန် ရောက်နေသူများ သေဆုံးဒဏ်ရာရ
DVB
·
April 15, 2025

 ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မွန်-ကရင်နယ်စပ် ကမ်းနီကျေးရွာမှာ သင်္ကြန်ကာလ ဧပြီ ၁၅ ရက် မနက် ၁၁ နာရီခွဲကျော်လောက်က ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၆ လုံး ကြဲချခဲ့တာကြောင့် ဒေသခံ ရဟန်းရှင်လူပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရ ခဲ့တယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူက ပြောပါတယ်။

စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သင်္ကြန်အကြတ်နေ ဘုန်းကြီးကျောင်းကို ဥပုသ်သီလယူဖို့ရောက်ရှိနေတဲ့ ပြည်သူ ၆  ယောက် သေဆုံးပြီး အယောက်  ၂၀ နီးပါး ဗုံးစထိမှန် ဒဏ်ရာရ ခဲ့တာလို့ ဆိုပါတယ်။

စစ်ရှောင်အရေး ကူညီပေးနေသူက " ကမ်းနီက ၆ ယောက်သေတယ်။  အယောက် ၂၀ လောက် ဒဏ်ရာရတယ်။  အယောက် ၂၀ ကမော်လမြိုင်ဆေးရုံမှာ။ လက်ရှိက ကိုရင် ၆ ပါးလာ မသိဘူး။ နောက်  ဦးပဥ္စင်းက ၃ ပါး။ လူကော အယောက် ၂၀ နီးပါးရှိတယ်"လို့ ပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုအတွင်း မြေပြင်သတင်းအချက်အလက် ရယူနေဆဲဖြစ်ပြီး သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ အရေအတွက် ထပ်မံတိုးနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

MSFC ဌာနမှူး မိဆုတဂျိုက “ စစ်ကောင်စီက အပစ်ရပ်တယ်လို့လည်း ပြောထားတယ်။ သင်္ကြန်ကာလမှာ  တော်လှန်ရေးတပ်ဘက်က စစ်ကြောင်းထိုးတာတို့ တိုက်ခိုက်တာတို့ လုပ်ရင်းတောင်မှ သူတို့ စစ်တပ်ဆီကိုပဲ သွားမှာလေ။ သင်္ကြန်ကာလမှာ တရားစခန်းတို့ အထူးသဖြင့် မွန်ဘုန်းကြီးကျောင်းလည်း ဖြစ်နေတဲ့ခါကျတော့  တော်လှန်ရေး ဘယ်တပ်မှ ခွင့်ပြုမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဟာကို ပစ်မှတ်ထားပြီး ဘန်းကြီးကျောင်းကို ဖြိုတာကတော့ ဘာသာရေးကို အရေးမထားသလို  သက်ကြီးရွယ်အိုနဲ့ ကလေးပဲ  ဒီအချိန်မှာ ဘုန်းကြီးကျောင်းသွားကြတာ”လို့ ပြောပါတယ်။

ဒါအပြင် ဘာသာရေးကိစ္စလုပ်နေရတဲ့ အချိန်မှာဆိုရင်  ပစ်မှတ်လွဲတယ်လို့ ပြောလို့မရကြောင်း ပြည်သူလူထုကို၊ ဘာသာရေးသမား၊ ဘာမှ မဆိုင်တဲ့ အပြစ်မဲ့ ပြည်သူလူထုကို တိုက်ရိုက်ပစ်မှတ်ထားပြီး ဗုံးကြဲတာလို့   မွန်ဖက်ဒရယ်ကောင်စီ(MSFC) လူသားချင်းစာနာထောက်ထားမှုနှင့် ကယ်ဆယ်ရေးဌာနမှူးက ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ ကျုံဒိုး ခမရ ၅၄၅ ၊ ခမရ ၅၄၆ တပ်ရင်းတွေက ရင်ကွဲ တောင်လမ်းပိုင်းကနေ ရေပူကြီး၊ ကော့ဝါလဲ၊ ဝင်းပြ၊ နောင်တမံ၊ သမိန်ဒွတ်၊ တောင်ကမ္ပရိုက်၊ မိဂလုံ၊ ကမ်းနီ ကျေးရွာတွေကို နေ့တိုင်းလိုလို နေ့ည လက်နက်ကြီးပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်-ကရင်နယ်စပ်က ကျေးရွာတွေကို ဂျိုင်းမြစ်တွင်းရပ်နားထားတဲ့ ရေတပ် စစ်သင်္ဘောကနေ လက်နက်ကြီးနဲ့ နေ့တိုင်းလိုလို ပစ်ခတ်ခဲ့တာတွေ ရှိတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013