
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကော်ဇယာကျေးရွာအုပ်စုမှာ စစ်ကောင်စီ ရေတပ် စစ်သင်္ဘောကနေ ဒေသခံငါးဖမ်းလှေတွေကို ခေါ်ယူစစ်ဆေးမေးမြန်းကာ ညဘက် ငါးမဖမ်းခိုင်းတာကြောင့် ရေလုပ်သားတွေမှာ အခက်ကြုံနေရပါတယ်။
ရေတပ်သင်္ဘောတစီးနဲ့ သားပေါက်စက်လှေ ၂ စီးနဲ့အတူ ကော်ဇယာကျေးရွာအုပ်စု၊ ချောင်းကြီးဝ ကျေးရွာမှာ ပြီးခဲ့တဲ့ တပတ်လောက်တည်းက ကင်းလှည့်သွားလာနေပြီးတော့ ညဘက်အချိန် ပင်လယ်ပြင်မှာ ငါးဖမ်းဖို့ သွားလာနေတဲ့ စက်လှေငယ်တွေကို ခေါ်ယူစစ်ဆေးနေတာကြောင့် ဒေသခံတွေ ကြောက်ရွံ့နေတယ်လို့ ပြောပါတယ်။
ဒေသခံတယောက်က “ညဘက်ဆို လှေတွေ ငါးဖမ်းပိုက် မပစ်ရဘူး။ သွားလာလို့မရဘူး။ တွေ့သွားရင် ဖမ်းပြီး ခေါ်စစ်တာ။ ကုန်းပေါ်မှာ ရာဘာခြစ်ရင်တောင် မီးခေါင်းနဲ့ မရဘူး။ လှေပေါ်ကကြည့်ရင် တောင်ပေါ်မှာ မီးလင်းတာ မြင်နေတယ်။ မီးလင်းတာတွေ့ရင် သေနတ်နဲ့ ပစ်ဖောက်တယ်”လို့ ပြောပါတယ်။
ချောင်းကြီးဝကျေးရွာနားက တောင်ပေါ်ဥယျာဥ်ခြံတွေမှာ ညဘက် ရာဘာခြစ်နေတဲ့ လုပ်သားတွေမှာ စစ်သင်္ဘောပေါ်ကနေ သေနတ်နဲ့ ပစ်ဖောက်ခြောက်လှန့်နေတဲ့အတွက် ကြောက်ရွံ့နေကြရတယ်လို့ ပြောပါတယ်။
ရာဘာခြစ်အလုပ်သမားတွေမှာ ညသန်းခေါင်ကျော် အချိန်လောက်မှာပဲ ဥယျာဥ်ခြံထဲမှာ ရာဘာထွက်ခြစ်ကြတာလို့ ဆိုပြီး စစ်ကောင်စီက မီးအလင်းရောင်မြင်တဲ့နေရာတွေကို အခုလို သေနတ်ပစ်ဖောက် ခြောက်လှန့်နေတဲ့အတွက် ရာဘာခြစ်မရဲ ဖြစ်နေကြတယ်လို့ ပြောပါတယ်။
အခု ဧပြီ ၅ ရက် လောက်ကလည်း ချောင်းကြီးဝကျေးရွာဘက်မှာ ကုန်ပစ္စည်းတင်ဖို့လာတဲ့ မဲတောကျေးရွာက စက်လှေတစီးကိုလည်း စစ်ကောင်စီရေတပ်က ဖမ်းဆီးလိုက်ပြီးတော့ ၂ ရက်လောက်အကြာမှာ စက်လှေနဲ့ပိုင်ရှင်ဖြစ်သူတို့အား ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။
“သူတို့ ပြောတာတော့ ပစ္စည်းတင်ခွင့် လိုင်စင် မလုပ်ထားလိုတဲ့၊ အရင်က ဒီလိုတွေမရှိဘူး။”
စစ်ကောင်စီ ရေတပ်တွေ လှုပ်ရှားသွားလာနေကြတာကြောင့် ည ၆ နာရီကနေ မနက် ၆ နာရီအချိန်တွေမှာ ခရီးသွားလာခြင်း မပြုကြဖို့လည်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။
ကျွန်းစုပင်လယ်ပြင်မှာ စစ်ကောင်စီရေတပ်သင်္ဘောတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ဖြစ်နေတာကြောင့်လည်း ခရီးသွားပြည်သူတွေ အသွားအလာ သတိပြုကြဖို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါသေးတယ်။