Home
မြန်မာသတင်း
မြန်မာပြည်ဒေသအနှံ့ ငလျင်များထပ်လှုပ် 
DVB
·
April 14, 2025
Photo: မိုးဇလ

မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်အပါအဝင် ဒေသတချို့မှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အင်အား အသင့်အတင့်ရှိတဲ့ မြေငလျင်တွေ ထပ်ပြီး လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလဌာနရဲ့ ဧပြီ ၁၄ ရက် ဒီမနက် ထုတ်ပြန်ချက်အရ သိရပါတယ်။

ဧပြီ ၁၄ ရက် ဒီမနက် ၁၁ နာရီ ၀၆ မိနစ်ကျော်လောက်က ကန့်ဘလူမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် ၈၃ မိုင်လောက် ကွာဝေးတဲ့ စစ်ကိုင်းတိုင်း မင်းကင်းမြို့ အရှေ့မြောက်ဘက် ၂၇ မိုင်လောက်အကွာ အနက် ၂၈ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင် လှုပ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဒီမနက် ၈ နာရီ ၂၄ မိနစ်ကလည်း ထန်းတပင်မြို့နားမှာ အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၈ ရှိတဲ့ ငလျင်ဟာ အနက် ၁၀ ကီလိုမီတာကနေ လှုပ်ခတ်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းမှာရော ပဲခူးတိုင်းမှာပါ ထန်းတပင်နာမည်နဲ့ မြို့နယ်ရှိပြီး အခုလှုပ်ခတ်တာဟာ ဘယ်တိုင်းထဲကဆိုတာကို မိုးလေဝသဌာနက အသေအချာ ထည့်မရေးထားဘဲ ရန်ကုန်၊ ထန်းတပင်ဒေသခံတွေကတော့ သူတို့ဆီမှာ ငလျင်မလှုပ်ခဲ့ဘူးလို့ ပြောပါတယ်။

ဒီမနက်အစောပိုင်း ၂ နာရီခွဲလောက်က မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နားမှာ အင်အား ရစ်ချ်တာစကေး ၅  အဆင့်ရှိတဲ့ ငလျင်ဟာ အနက် ၁၁ ကီလိုမီလောက်မှာ ဗဟိုပြု လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၁၃ ရက်  မနေ့ည ၁၁ နာရီ ၁၆ မိနစ်က ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နားမှာ အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၉ နဲ့ အနက် ၁၀ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး ငလျင်တကြိမ် လှုပ်ခဲ့ပါတယ်။

ဧပြီ ၁၃ ရက် ည ၈ နာရီ ၅၄ မိနစ်က မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်မှာ ရစ်ချ်တာစကေး ၅ ဒသမ ၅ နဲ့ အနက် ကီလိုမီတာ ၂၀ ကနေ လှုပ်ခတ်ခဲ့ပါတယ်။

အင်အားပြင်းငလျင်ဘေးဒဏ်ခံရတဲ့ မန္တလေးမြို့မှာ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့က  ကျုံးအနောက်ဘက်လမ်း ၂၆ လမ်း၊ ၇၆ လမ်းနဲ့ ၇၇ လမ်းကြားရှိ ရီရှင်း ဆေးရုံးသုံးပစ္စည်း အရောင်းဆိုင် မြေညီထပ် ငလျင်နောက်ဆက်တွဲ အခြေအနေကြောင့် ပြိုကျခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း မြေငလျင်ကြောင့် လူပေါင်း ၄,၀၀၀ ကျော်သေဆုံးပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013