Home
မြန်မာသတင်း
ဧဒင် ဦးချစ်ခိုင်နှင့် ဦးဇေသီဟ အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များကို ပြန်လွှတ်ပေး 
DVB
·
April 12, 2025

ဖမ်းဆီးအကျဉ်းချခံနေရတဲ့  စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့ မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) ဥက္ကဋ္ဌ ဦးချစ်ခိုင်နဲ့ ဇေကမ္ဘာဦးခင်ရွှေရဲ့သား ဦးဇေသီဟတို့အပါအဝင် စီးပွားရေးလုပ်ငန်းရှင်တွေကို ဧပြီ ၁၂ ရက် ဒီနေ့မနက်မှာ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တယ်လို့ အကျဉ်းဦးစီးနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဒီနေ့မနက်မှာ မန္တလေး အိုးဘိုထောင်ကနေ MAB ဥက္ကဋ္ဌဦးချစ်ခိုင်ကို ပြန်လွှတ်ပေးလိုက်သလို ဦးဇေသီဟကိုလည်း အင်းစိန်အကျဥ်းထောင်ကနေ ပြန်လွှတ်ပေးလိုက်တယ်လို့ အကျဥ်းဦးစီးနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

"ငလျင်ဖြစ်နေတော့ အလှူခံဖို့ရယ်၊ ပြန်လည်ထူထောင်ရေးမှာ ပါဝင်လို့ရအောင် ပြန်လွှတ်ပေးတာ ဖြစ်မယ်၊ သူတို့ ၂ ယောက်တည်း မဟုတ်ဘူး တခြားစီးပွားရေးလုပ်ငန်းရှင်တွေပါလည်းပါတယ်။”

အင်းစိန်အကျဥ်းထောင်မှာဖမ်းထားတဲ့ ဆီလုပ်ငန်းရှင်တွေနဲ့ ဆန်ကုန်သည်ကြီးတချို့ကိုလည်း  ဧပြီ ၁၁ ရက် ညပိုင်းက ပြန်လွှတ်ပေးခဲ့တယ်လို့ စီးပွားရေးလုပ်ငန်းရှင် တယောက်က ပြောပါတယ်။

"မနေ့ညကတည်းက လုပ်ငန်းရှင်သူဌေးကြီးတွေကို ပြန်လွှတ်ပေးနေတာ ဆီကိစ္စနဲ့ အဖမ်းခံရသူတွေ ဆန်ကိစ္စနဲ့ အဖမ်းခံရသူတွေ ပြန်လွတ်လာပြီ၊ ရေဘေးတုန်းကလည်း ဇေကမ္ဘာဦးခင်ရွှေကို ပြန်လွှတ်ပေးတယ် ပြီးတော့ အလှူခံတာပဲ။” 

ဒီကနေ့ပြန်လွတ်လာတဲ့ ဦးဇေသီဟဟာ ဖခင်ဖြစ်သူ ဇေကမ္ဘာဦးခင်ရွှေနဲ့အတူ ၂၀၂၂ ခုနှစ် မတ် ၂၁ ရက်နေ့က ဗဟန်းမြို့နယ်နေအိမ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခဲ့ပြီး သားအဖ ၂ ယောက်စလုံး ပုဒ်မ - ၂၄နဲ့ ထောင်ဒဏ် ၇ နှစ်အမိန့်ချကာ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၈ ရက်မှာ ဇေကမ္ဘာဦးခင်ရွှေကို ပြန် လွှတ်ပေးခဲ့တာပါ။

အလားတူပင် DENKO ဆီဆိုင်နဲ့ MAB ဘဏ် သူဌေးဦးချစ်ခိုင်ဟာလည်း ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက် ညပိုင်းက ရန်ကုန်မြို့မှာ စစ်ကောင်စီရဲ့ဖမ်းဆီတာခံရပြီး အဂတိပုဒ်မ ၅၅ နဲ့အမှုဖွင့်ကာ အိုးဘိုထောင်မှာ ထောင်ဒဏ် ၇ နှစ်ချခံထားရသူပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013