
စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်က စစ်တွေမြို့ကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကနေ စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ် အယောက် ၇၀ ထက်မနည်း ပို့လိုက်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ပုသိမ်မြို့၊ ရွှေမြင်တင် အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးကျောင်းကနေ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၉ သင်တန်းဆင်းလူငယ် အယောက် ၇၀ ကို ဧပြီ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ ပို့လိုက်တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “ရခိုင် စစ်တွေပို့တယ်လို့ပဲ သိရတယ်။ ဘယ်တပ်ရင်းကို ပို့တယ်ဆိုတာ မသိရဘူး။ အားလုံး အယောက် ၇၀ ကျော်ပါ။ ဧရာဝတီတိုင်းထဲက စစ်မှုထမ်းလူငယ်တွေပါ” လို့ ပြောပါတယ်။
စစ်တွေမြို့ဘက် အပို့ခံရတဲ့ စစ်မှုထမ်း တပ်သားသစ် လူငယ်တွေကို စစ်ကောင်စီတပ် အရာရှိ စစ်သားတချို့က လုံခြုံရေးလိုက်ပါကာ စစ်ကားတွေနဲ့ ပို့လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ပုသိမ်ဒေသခံတယောက်က “စစ်ကားတွေနဲ့ပို့တာ တွေ့ရတယ်။ စစ်မှုထမ်း လူငယ်လေးတွေက တယောက်မှ မျက်နှာတွေ မကောင်းကြဘူး။ သူတို့တွေက စစ်ရေးအခြေအနေကို အကုန်သိနေကြတာလေ။ ဘယ်စိတ်ကောင်းပါ့မလဲ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်၊ စစ်တွေဘက်ပို့လိုက်တဲ့ စစ်မှုထမ်း လူငယ်တွေကို စစ်လက်နက် တပ်ဆင်ပေးတာ မရှိသလို သင်တန်းတက်တုန်းက ထုတ်ပေးထားတဲ့ စစ်ဝတ်စုံ ၂ စုံနဲ့ ပို့လိုက်တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ တတိယအပတ်ကလည်း စစ်မှုထမ်း သင်တန်းဆင်းလူငယ်တွေကို ဗိုလ်ကြီးအဆင့်ရှိသူတယောက်က ဦးဆောင်ကာ ရခိုင်ပြည်နယ် စစ်ဆင်ရေးကို ပို့ဆောင်ခဲ့ပြီး ဒီနေ့အထိ အဆက်အသွယ်မရသူတွေ ရှိနေတယ်လို့ စစ်မှုထမ်း မိသားစုတွေဆီက သိရပါတယ်။