Home
မြန်မာသတင်း
မြန်မာပြည်အလယ်ပိုင်းတွင် နောက်ဆက်တွဲ ငလျင်များထပ်လှုပ် 
DVB
·
April 11, 2025
Photo: NUG

မြန်မာပြည်အလယ်ပိုင်း မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းမှာ ဧပြီ ၁၁ ရက် ဒီနေ့မနက်က အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တွေ  လှုပ်ခတ်သွားပါတယ်။

မန္တလေးတိုင်း၊ သာစည်မြို့အနီးမှာ ဒီနေ့မနက် ၁၁ နာရီ ၂၈ မိနစ်က မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၉ အဆင့်ရှိမြေငလျင်လှုပ်ခဲ့သလို မနက် ၁၀ နာရီ ၅၉ မိနစ်မှာလည်း ရစ်ချ်တာစကေး ၅ ဒသမ ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ NUG က ကြေညာပါတယ်။

မြေငလျင်တိုင်းတာစက်နဲ့ ဗဟိုချက်ရဲ့ အနီးအဝေးပေါ်မူတည်ပြီး  ငလျင်အင်အားပမာဏ အနည်းငယ် ကွာခြားမှုရှိနိုင်တယ်လို့လည်း NUG လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဆိုပါတယ်။

စစ်ကောင်စီရဲ့ မိုးဇလဌာနကလည်း  ဒီမနက် ၁၁ နာရီ  ၂၈ မိနစ် ၅၃ စက္ကန့်လောက်က မလှိုင်မြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ၃  မိုင်ခန့် အကွာကို ဗဟိုပြုပြီး  အင်အား ရစ်ချ်တာစကေး   ၄ ဒသမ ၉ ရှိ ငလျင်လှုပ်သွားတယ်လို့ ထုတ်ပြန်ပါတယ်။ 

ဒါ့အပြင် ဒီမနက် ၁၀ နာရီ ၅၉ မိနစ် ၂၉ စက္ကန့်မှာလည်း  ဝမ်းတွင်းမြို့ အရှေ့တောင်ဘက် ၅  မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး  ၅ ဒသမ ၀ ရှိ မြေငလျင် လှုပ်သွားတယ်လို့ ဆိုပါတယ်။

အလားတူ ဒီမနက် ၉ နာရီ ၂ မိနစ် စက္ကန့် ၂၀ လောက်ကလည်း ပဲခူးတိုင်း၊ တောင်ငူမြို့ရဲ့  အနောက်မြောက်ဘက် ၁၃ မိုင် ၊ အနက် ၁၃ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး  အင်အား ရစ်ချ်တာစကေး  ၄ ဒသမ ၃ ရှိ မြေငလျင်လှုပ်ခတ်သွားသလို မနေ့ မနက် ၉ နာရီ ၂၃ မိနစ်ကျော်လောက်ကလည်း  အင်အား ရစ်ချ်တာစကေး  ၃ ဒသမ ၄ ရှိ မြေငလျင် တောင်ငူမှာ လှုပ်ခတ်သွားပါတယ်။ 

မနေ့ည ၁၀ နာရီ ၄၇ မိနစ် ၅၅ စက္ကန့်လောက်ကလည်း မန္တလေးမြို့ရဲ့  အနောက်မြောက်ဘက် ၇ မိုင်ခန့် အကွာကိုဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး   ၃ ဒသမ ၈ ရှိ ငလျင်လှုပ်သွားပြီး ဒီငလျင်တွေနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ လူတွေထိခိုက် ပျက်စီးမှုတွေကိုတော့ သတင်းမရရှိသေးပါဘူး။

မတ် ၂၈ ရက်က ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ အင်အားရှိတဲ့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် နေ့စဉ်လိုလို နောက်ဆက်တွဲငလျင်တွေ ဆက်တိုက်လှုပ်ခတ်နေတာဖြစ်ပါတယ်။

ဧပြီ ၉ ရက်နေ့ အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS)ရဲ့  ခန့်မှန်းချက်တွေအရ တပတ်အတွင်း ရစ်ချ်တာစကေား ၅ ထက်ကြီးတဲ့ နောက်ဆက်တွဲငလျင် ဖြစ်ပေါ်နိုင်ခြေမှာ ၄၂ ရာခိုင်နှုန်းရှိပြီး နောက်တပတ်အတွင်း ရစ်ချ်တာစကေး ၃ နဲ့ အထက်ရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ် အကြိမ် ၁၆၀ အထိ ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013