
ရခိုင်တပြည်လုံးနီးပါးကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားချိန်မှာ စစ်ကောင်စီကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ရခိုင်နိုင်ငံရေးပါတီသစ်တခုက ရွေးကောက်ပွဲကော်မရှင်ထံမှာ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားလိုက်ပါတယ်။
အခု ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ ပါတီကို ရခိုင်တိုင်းရင်းသားများပါတီ(Rakhine Nationalities Party) လို့ အမည်ပေးထားပြီး အရင် ရခိုင်အမျိုးသားပါတီ (ANP) ပါတီက လွှတ်တော်အမတ်ဟောင်းတွေနဲ့ ဦးဆောင်ဖွဲ့စည်းကာ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေကြတာလို့ ရခိုင်က လွှတ်တော်အမတ်ဟောင်းတွေက ပြောပါတယ်။
အခုမှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ပါတီဟာ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီဖြစ်ခွင့် လျှောက်ထားတာ ဖြစ်ပြီး ပါတီတည်ထောင်ခွင့် အတည်ပြုနိုင်ရေးကိုလည်း စိစစ်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ဧပြီ ၇ ရက်မှာ ကြေညာထားပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်တခုလုံးနီးပါးကို အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေချိန်မှာ စစ်ကောင်စီလက်အောက်မှာ နိုင်ငံရေးသမားလုပ်ဖို့ ကြိုးပမ်းနေသူတွေဟာ ကျွန်စိတ်ရှိသူတွေသာ ဖြစ်ကြတယ်လို့ ရခိုင်လွှတ်တော်အမတ်ဟောင်းတယောက်က ပြောပါတယ်။
“ရခိုင်ပြည်တခုလုံး စစ်အာဏာရှင် လက်အောက်က လွတ်မြောက်လုဆဲဆဲမှာ စစ်ကောင်စီ အောက် နိုင်ငံရေးသမားလုပ်မယ့်စိတ်ရှိတာက ကျွန်စိတ်ရှိနေကြသေးတယ်ဆိုတာကို ပြသကြတာဖြစ်တယ်။ သူတို့မျော်လင့်နေကြတဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဆိုတာကလည်း ရခိုင်ပြည်အတွက် အကျုံးဝင်တော့မှာ မဟုတ်ဘူး။”
လက်ရှိပါတီအသစ်လျှောက်ထားတဲ့ ရခိုင်တိုင်းရင်းသားများပါတီဟာ စစ်ကောင်စီရဲ့ လက်ရှိ တိုင်းရင်းသားရေးရာ ဒုဝန်ကြီး ဦးဇော်အေးမောင်နဲ့ ကျောက်ဖြူမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ရခိုင်အမျိုးသားပါတီ (ANP)ရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် တယောက်တို့ ပါဝင်ကြပါတယ်။
ကော်မတီဝင် ဦးဘရှိန် ပါဝင်မှုရှိမရှိကို DVB က ဆက်သွယ်နေဆဲဖြစ်ပြီး လက်ခံဖြေကြားခြင်း မရှိသေးပါဘူး။
လက်ရှိမှာ စစ်ကောင်စီထံ ပါတီသစ်လျှောက်ထားမှုနဲ့ ပတ်သတ်ပြီး ရခိုင်လူထုအကြားမှာလည်း ဝေဖန်မှုတွေ မြင့်တက်နေကြပါတယ်။
ရခိုင်အမျိုးသားပါတီ (ANP) ဟာလည်း စစ်ကောင်စီထံ ပါတီမှတ်တင်ခွင့်လျှောက်ထားခဲ့ပေမဲ့ မှတ်ပုံတင်ခြင်းဥပဒေ (၇) နဲ့ ပါတီမှတ်ပုံတင်ခွင့်ကနေ ၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်မှာ ပယ်ချခံခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီ ကျင်းပမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ရခိုင်ပြည်နယ် ကိုယ်စားပြုပါတီအမှတ် ဝါရင့်နိုင်ငံရေးသမားဖြစ်တဲ့ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင် (AFP) ပါတီက ပါတီမှတ်ပုံတင်ခွင့်ကျထားပါတယ်။