Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ကြက်သွန်နီ ၁ ပိဿာ ကျပ် ၆,၅၀၀ အထိ ဈေးမြင့်တက်
DVB
·
April 7, 2025
photo: Myo Tun

ဧရာဝတီတိုင်းမှာ ငလျင်ဒဏ်သင့် ဒေသတွေကနေ တင်သွင်းတဲ့ ကြက်သွန်နီတွေ တပိဿာ ကျပ် ၆,၅၀၀ အထိ မြင့်တက်လာတယ်လို့ စားသောက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

ဧရာဝတီတိုင်းကို ငလျင်ဒဏ်သင့်ဒေသတွေဖြစ်တဲ့ မန္တလေး၊ ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဘက်ကနေ ကြက်သွန်နီတွေ တင်သွင်းရတာဖြစ်ပြီး ဧပြီလ ပထမအပတ်က စတင်ကာ ကြက်သွန်နီတပိဿာ ကျပ် ၆,၅၀၀ အထိ ပြန်လည်မြင့်တက်လာကာ ငလျင်ဒဏ်မဖြစ်ခင် ဖေဖော်ဝါရီလနဲ့ မတ်လတွေက ကြက်သွန်နီတပိဿာ ကျပ် ၃,၅၀၀ အထိသာ ဈေးရှိခဲ့တာလို့ ဆိုပါတယ်။

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်က အိမ်ရှင်မတယောက်က “အရင်က တပိဿာ ၂,၀၀၀ ကျော်လောက်ရှိတဲ့ ကြက်သွန်နီက အခု တပိဿာကို ၆,၅၀၀ ဆိုပြီး ရုတ်တရက်  ဈေးထိုးတက်တော့ ဘယ်လွယ်မလဲ။ ဒါ့ကြာင့် မဖြစ်မနေ စားမှရမယ့် ဆန်နဲ့ ယှဉ်တော့ ဆန်ပဲ ဦးစားပေးလိုက်တော့တယ်။ ငလျင်လှုပ်တာနဲ့ ဈေးက အချိန်ကိုက် ထိုးတက်တာ အံ့သြတယ်” လို့ ပြောပါတယ်။

အဲဒီ ကြက်သွန်နီဈေးတွေ ထိုးတက်လာတာဟာ ကြက်သွန်နီ စိုက်ပျိုးမှုတွေ အားကောင်းတဲ့ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်ဘက်မှာ တိုက်ပွဲတွေကြောင့် ကြက်သွန်နီစိုက်ပျိုးမှု လျော့ကျတာ၊ အထွက်နှုန်းကောင်းတဲ့ အစာတွေ၊ ဆေးတွေ မကျွေးနိုင်ခဲ့တာကြောင့် အထွက်လျော့ကျတာနဲ့ လတ်တလော ငလျင်ဒဏ်ကြောင့် ဧရာဝတီတိုင်းဘက်က လိုအပ်တဲ့ကုန်ချိန် ပမာဏအတိုင်း မတင်ပို့နိုင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

မအူပင်မြို့က စားသောက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “မန္တလေး အပါအဝင် ငလျင်ဒဏ်ကျရောက်နေတဲ့ ဒေသတွေကနေ ကုန်ပစ္စည်းဝင်ရောက်တာ လျော့နည်းနေတယ်။ လောလောဆယ် ဈေးက ကျမယ်မထင်သေးဘူး” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းဘက်ကို ကြက်သွန်နီထွက်တဲ့ ဒေသတွေကနေ ကြက်သွန်တွေ အပါအဝင် ကုန်စည်တွေ တင်သွင်းတဲ့အခါ လမ်းခရီးမှာ စစ်ဆေးမှုတွေနဲ့ ကုန်တင်ကားခဈေး မြင့်တက်လာတာ၊ လမ်းခရီး ဂိတ်ကြေးပေးဆောင်ရတာတွေ များလာတာ၊ တိုက်ပွဲ အခြေအနေကြောင့် ကုန်ကားတွေ ညဘက်သယ်ယူဖို့ ခက်ခဲလာတာ စတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာမသိမ်းခင် အချိန်က ကြက်သွန်နီတပိဿာ ကျပ် ၁၅၀ အထိသာ ဈေးရှိခဲ့ပြီး စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစတင်ကာ တပိဿာ ကျပ် ၉၀၀ ကနေ တဖြည်းဖြည်း ထိုးတက်လာပြီး ၂၀၂၃ ခုနှစ်မှာ တပိဿာ ကျပ် ၁၅,၀၀၀ အထိ အဆမတန် ဈေးထိုးတက်ခဲ့ကာ ၂၀၂၄ ခုနှစ်မှာ ကျပ် ၇,၅၀၀ ကနေ ၂၀၂၅ ခုနှစ် ငလျင်မလှုပ်မီအချိန်အထိ ၃,၅၀၀ အထိသာ ဈေးရှိခဲ့ရာက လက်ရှိ ကျပ် ၆,၅၀၀ အထိ ဈေးထိုးတက်လာတာလို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013