Home
မြန်မာသတင်း
မြန်မာငလျင်ဘေးကြောင့် သေဆုံး၊ ဒဏ်ရာရနှင့် ပျောက်ဆုံးဦးရေ ၁၀,၀၀၀ ကျော်ရှိလာ
DVB
·
April 7, 2025
Photo: Reuters

ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်း  ၁၀,၀၀၀ ကျော် ရှိလာခဲ့ပြီလို့ DVB  Data အဖွဲ့က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။

မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူပေါင်း ၄၃၂၅ ယောက်၊   ဒဏ်ရာရသူ ၆,၅၈၈ ယောက်၊ ပျောက်ဆုံးနေသူ ၄၄၈ ယောက်နဲ့ ကယ်ဆယ်ရရှိသူ ၄၉၈ ယောက်ရှိပြီလို့  ဧပြီ ၇ ရက် ဒီနေ့  မွန်းလွဲ ၁  နာရီ အထိ  DVB က စာရင်းကောက်ယူရရှိထားပါတယ်။

ဒီအရေအတွက်ဟာ DVB မှ လက်လှမ်းမီသလောက်ရရှိထားတဲ့ ကိန်းဂဏန်းတွေသာဖြစ်ပြီး မြေပြင်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲ အခြေအနေ ဖြစ်တာကြောင့် သေဆုံးသူဦးရေ နောက်ထပ် ထပ်တိုးလာနိုင်ပါတယ်။

စစ်ကောင်စီကတော့ ငလျင်ကြောင့် အနည်းဆုံး ၃,၄၇၁ ယောက် သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး ၄,၆၇၁ ယောက်ကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၂၁၄ ယောက်ကတော့ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးအဖွဲ့အစည်းတွေ အသီးသီးကတော့ အမှန်တကယ် ပျောက်ဆုံးနေသူ အရေအတွက်ဟာ စစ်ကောင်စီထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေထက် သိသိသာသာ မြင့်မားနိုင်ကြောင်း သတိပေးထားပြီး မကြာသေးမီက နိုင်ငံရဲ့ ဒေသအများအပြားမှာ မိုးရွာသွန်းမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရှုပ်ထွေးစေပြီး ရောဂါဖြစ်ပွားမှုအန္တရာယ်ကို တိုးမြင့်စေနိုင်ကြောင်းလည်း သတိပေးထားတာပါ။

ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာနဲ့ အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး တွမ်ဖလက်ချာက “အလောင်းတွေကို အပျက်အစီးတွေကြားကနေ ဆွဲထုတ်နေကြသလို မိသားစုတွေဟာ သူတို့ရဲ့ နေအိမ် အပျက်အစီးတွေရှေ့မှာ အိပ်နေကြပါတယ်” လို့ အင်တာနက်လူမှုကွန်ရက် X ပေါ်ကတဆင့် မျှဝေထားခဲ့ပါတယ်။

လတ်တလောမှာလည်း တရုတ်၊ အိန္ဒိယနဲ့ အရှေ့တောင်အာရှ နိုင်ငံအများအပြားက ငလျင်ဒဏ်ခံရတဲ့ ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ပံ့ပိုးကူညီဖို့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေ လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့ခဲ့ကြတာပါ။

ဒါ့အပြင် ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာနဲ့ အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး တွမ် ဖလက်ချာဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်ဟာလည်း မြန်မာပြည် သွားဖို့ရှိတယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ ရက်ပိုင်းမှာတင် ထုတ်ပြန်ပါတယ်။

ငလျင်ဟာ မြန်မာနိုင်ငံမှာ ရာစုနှစ် တခုအတွင်း အပြင်းထန်ဆုံး ငလျင်တခုဖြစ်ပြီး လူ ၂၈ သန်းနေထိုင်ရာ ဒေသကို လှုပ်ခတ်ခဲ့တာကြောင့် ဆေးရုံတွေ၊ လူနေရပ်ကွက်တွေ ပြိုလဲကာ အများအပြားမှာ စားနပ်ရိက္ခာ၊ ရေနဲ့ အမိုးအကာတွေ ပြတ်တောက်ခဲ့ပါတယ်။

Source: DVB/ Shafaq.com

Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013