Home
မြန်မာသတင်း
ငလျင်ဒဏ်သင့် စစ်ကိုင်းကို လာလှူသူများအား မှတ်တမ်းတင်ထားရန် စစ်ကောင်စီ ညွှန်ကြား
DVB
·
April 7, 2025

ငလျင်ဒဏ်ကြောင့် ကူကယ်ရာမဲ့နေတဲ့ စစ်ကိုင်းတိုင်းကို လာလှူတဲ့ အလှူရှင်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မှတ်တမ်းတင်ထားဖို့ စစ်ကောင်စီ ပြည်ထဲရေးက ညွှန်ကြားထားပါတယ်။

မနေ့က စစ်ကိုင်းမြို့ကို စစ်ခေါင်းဆောင်နဲ့အဖွဲ့ ရောက်လာချိန်မှာ စသုံးလုံး၊ SB၊ စရဖနဲ့ ထောက်လှမ်းရေးအဖွဲ့တွေကို ပြည်ထဲရေးဝန်ကြီးက သီးသန့်တွေ့ဆုံပြီး ပြောဆိုခဲ့တာလို့ စသုံးလုံးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

“ဘယ်ကလာလှူတာလဲ၊ ဘယ်ကိုလှူမှာလဲ၊ ဘာပစ္စည်းလှူမှာလဲ၊ တယောက်တည်းလှူတာလား၊ စုပြီးလှူတာလား၊ အများကြီးပဲ၊ ဒီလိုလုပ်တာ စစ်ကိုင်းကို အကူအညီမရောက်အောင် စစ်တပ်က လုပ်နေသလိုပဲ၊ စစ်ကိုင်းကိုသွားလှူရင် PDF တွေက ပစ်တယ်ဆိုပြီး ဝါဒဖြန့်တဲ့ကိစ္စလည်း ဖြေရှင်းရတယ်။”

မတ် ၂၈ ရက်က လှုပ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကိုင်းမြို့မှာ သေဆုံးသူ ၆၀၀ နီးပါးနဲ့ ဒဏ်ရာရသူ ၁,၀၀၀ ကျော်ရှိပြီး ပျက်စီးဆုံးရှုံးမှုအနေနဲ့ စာရင်းကောက်ယူနေဆဲလို့ ပရဟိတ အဖွဲ့ဝင်တယောက်က ပြောပါတယ်။

“မြေပြင်စာရင်းမှာ သေတာတွေ ဒဏ်ရာရတဲ့သူတွေ အများကြီး။ ဒါပေမဲ့ စစ်တပ်က စာရင်းအမှန် မရသေးဘူး၊ ကောက်ယူဆဲဆိုပြီး လုပ်နေတယ်။ မနေ့ကရတဲ့စာရင်းအရဆို စစ်တပ်က ၅၆၁ ယောက် သေတယ်လို့ တင်ထားတယ်။”

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရဲ့ ဧပြီ ၆ ရက်အထိ ကောက်ယူထားတဲ့ စာရင်းတွေအရ သေဆုံးသူ ၅၆၁ ယောက်နဲ့ ဒဏ်ရာရသူ ၉၂၀ ရှိပြီး ဘာသာရေးအဆောက်အအုံ ၃၉၄ လုံး၊ လမ်းတံတားနဲ့ ဌာနဆိုင်ရာ အဆောက်အအုံ ၇၂၃ လုံးနဲ့ လူနေအိမ် ၃,၈၆၈ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013