Home
မြန်မာသတင်း
ကျောက်ဆည်တွင် မြေငလျင် ထပ်လှုပ်၊ မြို့ခံများ စိတ်ပိုင်းဆိုင်ရာထိခိုက်
DVB
·
April 6, 2025

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှာ မြေငလျင် ထပ်မံလှုပ်ခတ်ခဲ့တာကြောင့် လူတိုင်းနီးပါး စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက်ခဲ့ရတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်းတိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးမြို့ကြီးတွေနဲ့ နည်းတူ ထိခိုက်ပျက်စီးခဲ့တဲ့ ကျောက်ဆည်မြို့က နေအိမ်၊ အဆောက်အအုံတွေ အပါအဝင် တမြို့လုံးနီးပါး ထိခိုက်ပျက်စီးခဲ့ပါတယ်။

ကျောက်ဆည်မြို့မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဧပြီ ၃  ရက်အထိ လုပ်ဆောင်ခဲ့ရာ သေဆုံးသူ ၁၀၈ ယောက်၊ ဒဏ်ရာသူ ၂၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ဧပြီ ၄ ရက် ည ၉ နာရီ ၅၅ မိနစ်လောက်က ကျောက်ဆည်မြို့ကို ဗဟိုပြုပြီး ငလျင် ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။

လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က “လူတွေက အရင်ထိခိုက်ခဲ့တဲ့ဒဏ်ကြောင့် ထိခိုက်ပြီးတော့ တချို့ကလည်း ၁ ရက် ၂ ရက်ပဲ ရှိသေးတယ်။ အိမ်ထဲ ဝင်အိပ်ဖို့ ကြံကာရှိသေးတယ်၊ လန့်ပြီး အပြင်မှာ ထွက်အိပ်ကြရတယ်။ အခုချိန်အထိတော့ လူတွေက အထိတ်တလန့် ဖြစ်နေတာပေါ့။ ခဲမှန်ဖူးတဲ့ စာသူငယ်ပေါ့။ ငလျင် နည်းနည်းပါးပါးလေး လှုပ်တာနဲ့ ထိတ်လန့်နေကြတာ။ ဒီထိတ်လန့်တာကြီးကို (စိတ်ထဲ) စွဲနေကြတာ” လို့ ပြောပါတယ်။

ငလျင်ထပ်မံလှုပ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူ မရှိပေမဲ့ ထိခိုက်ပျက်စီးနေတဲ့ နေအိမ် အဆောက်အအုံတချို့ အနည်းငယ် ပြိုကျ အက်ကွဲတာတွေ ရှိခဲ့ပါတယ်။

ငလျင်လို့ပြောရင် လူတိုင်းနီးပါး စိတ်ဒဏ်ရာတွေ ခံစားနေရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“စိုးရိမ်စိတ်ကတော့ ပြောမနေပါနဲ့။ အဲဒီအသံတွေ ကြားတယ်ဆိုရင်ကို လူတွေက တုန်လာတာ။ ငလျင်လို့ ပြောလိုက်တာနဲ့ လူတွေမှာ အကုန်းလုံးနီးပါး လူတိုင်းနီးပါးလိုလိုကို စိတ်ဒဏ်ရာတွေရလို့။ ကိုယ့်အိမ်နဲ့ ကိုယ်လည်း မအိပ်ရဲဘူး။ ကျမတို့ လမ်းပေါ်ထွက်အိပ်ရတယ်။ မနေ့ညကဆို မိုးတွေရွာတယ်။ စိုးရိမ်စိတ်တွေ ပိုတယ်။ ရာသီဥတုက မမျှတတော့  သက်ကြီးရွယ်အိုနဲ့ ကလေးတွေက ဒုက္ခရောက်ကြတာပေါ့” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၄,၂၁၂ ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၆,၅၈၈ ယောက်၊ လူ ၄၄၈ ယောက် ပျောက်ဆုံးနေဆဲဖြစ်ကာ ကယ်ဆယ်ရရှိထားသူ ၄၉၈ ယောက် ရှိပြီလို့ DVB က ဧပြီ ၆ ရက် နေ့လယ် ၁ နာရီအထိ စုစည်းရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013