
ယူကရိန်းနိုင်ငံ၊ ကရီဗီယီးရီမြို့ရှိ လူနေရပ်ကွက်တခုမှာ ဧပြီ ၄ ရက်က ရုရှား ဒုံးကျည် တိုက်ခိုက်မှုကြောင့် ကလေး ၉ ယောက်အပါအဝင် လူ ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါပေမဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ စစ်သားတွေ စုဝေးနေတဲ့နေရာကို ပစ်မှတ်ထားတာလို့ ဆိုပါတယ်။ ယူကရိန်းစစ်တပ်က ရုရှားထုတ်ပြန်ချက်ကို သတင်းမှားအဖြစ် ရှုတ်ချခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စစ်ပွဲကို အဆုံးသတ်ဖို့ ကြိုးပမ်းနေချိန်မှာပဲ လူနေရပ်ကွက်တွေ ပျက်စီးပြီး မီးလောင်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး ဆာဟီးလိုင်ဆက်ခ်က တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။
လူ အယောက် ၅၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောကြားပြီး အရေအတွက် တိုးလာနေတယ်လို့လည်း ဆိုပါတယ်။ ၃ လသား ကလေးငယ် အပါအဝင် လူ ၃၀ ကျော် ဆေးရုံတက်နေရကြောင်း လိုင်ဆက်ခ် က ပြောပါတယ်။
ရုရှားဒရုန်းတွေဟာ နောက်ပိုင်းမှာ ကရီဗီ ယီးရီမြို့ရှိ ကိုယ်ပိုင်အိမ်တွေကို တိုက်ခိုက်ခဲ့ပြီး နေရာ ၄ ခုမှာ မီးလောင်ခဲ့ကြောင်း မြို့တော်ရဲ့ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး အိုလက်ခ်ဆန်ဒါ ဗီကူးလ် က နောက်ပိုင်းမှာ ပြောပါတယ်။
သက်ကြီးရွယ်အို အမျိုးသမီးတယောက် သူ့နေအိမ်ထဲမှာ သေဆုံးခဲ့ပြီး တခြား ၅ ယောက် ဒဏ်ရာရရှိခဲ့ကြောင်းလည်း ပြောပါတယ်။
ယူကရိန်းသမ္မတ ဇလန်စကီးက သူ့မွေးရပ်မြေမှာ အခုနှစ်အတွင်း လူအသေအပျောက် အများဆုံး ရုရှားရဲ့တိုက်ခိုက်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဇလန်စကီးက ပြောဆိုခဲ့ပြီး မော်စကို ကို ပိုမိုဖိအားပေးဖို့အတွက် အနောက်နိုင်ငံတွေကို တောင်းဆိုခဲ့ပါတယ်။
Source: Reuters