Home
မြန်မာသတင်း
တနင်္သာရီ၌ စစ်တပ် ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးထိခိုက်၊ ရာဘာခြစ်သမား ၃ ဦး ဖမ်းဆီးခံရ 
DVB
·
April 4, 2025

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုကြောင့် အရပ်သား တယောက် ထိခိုက်ဒဏ်ရာရခဲ့ကာ ရာဘာခြစ်နေတဲ့အမျိုးသား ၃ ယောက်ကိုလည်း စစ်ကောင်စီ စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

ဧပြီ ၃ ရက် မနက်က မော်တုန်းရွာအခြေစိုက် အမတ ၃၀၆ တပ်ရင်းကနေ စစ်ကောင်စီစစ်ကြောင်းထိုးလာရင်း မနက် ၉ နာရီအထိ ဘန်းလမွတ်ရွာကို လက်နက်ကြီးပစ်ပြီး ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဘန်းလမွတ်ကျေးရွာက အသက် ၅၀ အရွယ် ဦးမင်းဇော်ဟာ  ဦးခေါင်းမှာ ဗုံးသီးအစထိမှန်ပြီး  ဒဏ်ရာအခြေအနေက မစိုးရိမ်ရဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။

“ဒရုန်းနဲ့လာချလို့ ထိတာပါ။ လက်နက်ကြီးကြောင့်မဟုတ်ဘူး။ ခေါင်းမှာ အစလာစင်သွားတာ ဒဏ်ရာသိပ်မများဘူး၊ သေနတ်သံတွေတော့ ဆူညံနေတာပဲ။”

ဒါ့အပြင် စစ်ကြောင်းထိုးရာလမ်းပိုင်းရှိ ပနပ်ငယ်ရွာက အရပ်သား ၂ ယောက်နဲ့ လယ်ဦးရွာဘက်မှာ ရာဘာသွားခြစ်နေတဲ့ ထုံနွယ်ရွာသား ၃ ယောက်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်လို့ ပြောပါတယ်။

အဆိုပါ ၅ ယောက်ထဲက ပနပ်ငယ်ရွာသား ၂ ယောက်ကိုတော့ ပြန်လွှတ်ပေးခဲ့ပြီး ထုံနွယ်ရွာသား ၃ ယောက်ကိုတော့ စစ်ကြောင်းနဲ့အတူ အောက်ကင်းရွာအခြေစိုက် ခမရ ၅၅၇ တပ်ရင်းထဲခေါ်ဆောင်သွားတယ်လို့ ပနပ်ငယ်ရွာက အမျိုးသမီတယောက်က ပြောပါတယ်။

“သူတို့က ညီအစ်ကို ၃ ယောက်ပါ။ ရာဘာခြစ်ဖို့သွားရင်း ဖမ်းခံရတာပါ။ စစ်ကြောင်းနဲ့တွေ့လို့ ဖမ်းခံရတာဖြစ်မယ်။”

အဲ့ဒီနေ့က စစ်ကောင်စီစစ်ကြောင်းဟာ ပနပ်ငယ်ရွာကနေ လမ်းတလျှောက်လုံး သေနတ်ဆက်တိုက် ပစ်ဖောက်ကာ စစ်ကြောင်းထိုးလာတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားတာတွေတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံထားရတဲ့ ထုံနွယ်ရွာသား ၃ ယောက် ပြန်လွတ်လာခြင်းမရှိသေးဘဲ ဘာကြောင့် ဖမ်းဆီးခေါ်ဆောင်သွားလဲဆိုတာကိုလည်း မသိရသေးဘူးလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013