Home
မြန်မာသတင်း
အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ်က ဟိုင်းကြီးကျွန်းတွင် စစ်ကြောင်းထိုးနေ
DVB
·
April 3, 2025
Photo: BB

ငလျင်ဒဏ်ကြောင့် အပစ်ရပ်တယ်ဆိုတဲ့ စစ်ကောင်စီတပ်က ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့က ကျေးရွာတချို့မှာ ရက်ဆက် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ စာနာ နားလည် ထောက်ထားတဲ့စိတ်နဲ့ ဧပြီ ၂ ရက်ကနေ ၂၁ ရက်အထိ အပစ်ရပ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ပေမဲ့ စစ်ကောင်စီတပ်က ဟိုင်းကြီးကျွန်းမြို့က ကျေးရွာတွေမှာ ဧပြီ ၂ ရက် မနက်အထိ စစ်ကြောင်းထိုး စစ်ဆေးနေတာလို့ ဆိုပါတယ်။

ဟိုင်းကြီးကျွန်း ဒေသခံတယောက်က “တိုက်ပွဲဖြစ်တယ်ဆိုတာက စစ်ကြောင်းထိုးရင်းကနေ ထိတွေ့တိုက်ပွဲဖြစ်တာ။ အပစ်ရပ်လား မရပ်လားတော့ မသိဘူး၊ စကစတပ်က ရွာတွေထဲအထိဝင်ပြီး စစ်ကြောင်းထိုး အရပ်သားတွေကို ဖမ်းဆီးနေတာ။ လက်နက်တွေအပြည့်နဲ့ ရွာထဲမှာ ကင်းပုန်းဝပ် စောင့်နေတာ။ ဘယ်ကိုမှ မထွက်ရဲသလောက်ပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဧပြီ ၁ ရက် ညပိုင်းက စတင်ပြီး အင်အား ၅၀ ကျော်လောက်နဲ့ ကုန်းတန်းကျေးရွာ၊ ဇီးချိုင်ကျေးရွာ၊ အုတ်ဖိုကွင်းကျေးရွာ စတဲ့ကျေးရွာတွေမှာ စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

ငပုတောမြို့နယ်က ဒေသခံတယောက်က “ငလျင်ဒဏ်ကြောင့် လူအယောက် ၃,၅၀၀ လောက် သေဆုံးထားပြီဖြစ်လို့ အပစ်ရပ်သင့်ပါတယ်။ လက်နက်ကိုင် ဘယ်အဖွဲ့မဆို အပြောနဲ့မဟုတ်ဘဲ လက်တွေ့လုပ်ပါ။ ထာဝရ အပစ်ရပ်သင့်တာပါ။ စစ်ဘေးဒဏ်လည်း မခံချင်တော့ဘူး” လို့ ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာအပြင် AA တပ်သားတွေ၊ PDF တွေလို့ စွပ်စွဲပြီး အရပ်သား အမျိုးသားတွေကိုပါ ဖမ်းနေတာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ငလျင်ဒဏ်ကျရောက်နေတဲ့ ကာလဖြစ်တဲ့ မတ် ၃၁ ရက်က ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့က ရေလုပ်သား ၂ ယောက်ကို AA တပ်သားလို့ စွပ်စွဲကာ ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013