Home
မြန်မာသတင်း
ငလျင်ဘေးလှူဒါန်းရန် ပန်းချီကားများ လေလံတင်၊ ရောင်းချပွဲများပြုလုပ်
DVB
·
April 3, 2025

ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ထောက်ပံ့လှုဒါန်းနိုင်ဖို့ အဝေးရောက် မြန်မာပန်းချီဆရာတွေနဲ့ ပန်းချီပြခန်းတွေက ပန်းချီကားတွေကို လေလံတင်ရောင်းချပွဲတွေကို အွန်လိုင်းနဲ့ မဲဆောက်မြို့မှာ ပြုလုပ်သွားဖို့ ရှိပါတယ်၊

ထိုင်းနဲ့ မြန်မာပန်းချီဆရာတွေ ရေးဆွဲထားတဲ့ ပန်းချီကား ၁၇ ကားက ဈေးအမျိုးမျိုးရှိပြီး ရရှိလာတဲ့ တန်ဖိုးရဲ့ ရာနှုန်းပြည့်သော် လည်းကောင်း ရာခိုင်နှုန်းတခုအနေနဲ့သော်လည်းကောင်း ရရှိလာတဲ့အလှူငွေအားလုံးကိုတော့ Clean Yangon အဖွဲ့ကို ပေးပို့လှူဒါန်းမှာဖြစ်ကြောင်းလည်း သိရပါတယ်၊

Space out event စီစဉ်သူက “ကျနော်တို့ ဒီပန်းချီကားတွေကတော့  Space Out ပွဲလေးမှာ  live painting လုပ်ပြီး ရရှိလာတဲ့ပန်းချီကားတွေ အပြင် တခြားသော ပန်းချီဆရာတွေရဲ့ သူတို့ပန်းချီကားလေးတွေကို လာရောက်လှူဒါန်း ထားတာတွေရှိတယ်။ အကုန်လုံးကို ဧပြီ ၁၁ ရက်နေ့မှာ လေလံပွဲလေးပြုလုပ်ပြီး ရောင်းချပေးသွားမှာပဲ ဖြစ်ပါတယ်။ အဲဒီက ရရှိလာတဲ့ ပိုက်ဆံတွေအကုန်လုံးက ငလျင်ဒဏ်အတွက် ခံစားနေရသူတွေဆီအကုန်သွားမှာဖြစ်တယ်” လို့ပြောပါတယ်၊

Stardust Studio ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ သတင်းအချက်အလက်တွေနဲ့ ပန်းချီကားတွေကို ဆက်တိုက် ကြေညာနေပြီး ဝယ်ယူလိုသူ တယောက်ထက်ပိုရင်တော့ လာမယ့် ဧပြီ ၁၁ ရက်မှာ လေလံတင်မှာသွားဖြစ်ကြောင်း သိရပါတယ်၊

ဒါ့အပြင်ထိုင်းနိုင်ငံ မဲဆောက်မြို့က  Memories of Mae Sot မှာ လာမယ့် ဧပြီ ၅ ရက်မှာ ပြုလုပ်မယ့် အနုပညာပြပွဲနဲ့ ရန်ပုံငွေဈေးရောင်းပွဲကနေ ရရှိလာတဲ့ အကျိုးအမြတ်တွေကိုလည်း ငလျင်ဒဏ်သင့် ဒေသတွေကို တိုက်ရိုက်လှူဒါန်းသွားမှာဖြစ်တယ်လို့   အဝေးရောက် အနုပညာရှင်တွေ စုစည်းထားတဲ့ “ လက်များ” အဖွဲ့က Naw Friday က ပြောပါတယ်၊

ငလျင်ကိစ္စဖြစ်တော့ အဝေးရောက် အနုပညာရှင်တွေက ကိုယ်တတ်တဲ့ အနုပညာနဲ့ တခုခုတော့ လုပ်မယ်ဆိုပြီး စုဝေးကြတယ်လေ။ အဝေးရောက် အနုပညာရှင်တွေဆိုတာက မပြေလည်ကြသူတွေက အများပဲ။ ကိုယ့်မှာ ချမ်းသာတာဆိုလို့ အနုပညာပဲရှိတယ်။ ဒီတော့ ကာတွန်းဆရာတွေက ကယ်ရေကေးချားလေးတွေ ဆွဲပြီး ရောင်းမယ်၊ ရတာအကုန် ငလျင်အတွက် လုပ်နေတဲ့ မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေဆီ စီးဆင်းမယ်ပေါ့။ ပန်းချီဆရာတွေကလည်း ကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားလေးတွေရှိတယ်။  ဒါတွေလည်း ရောင်းချမယ်။ ရတာ အကုန်ထည့်ဝင်မယ်ပေါ့။ ကဗျာဆရာတွေလည်း အတူတူပဲ ကဗျာလေးတွေ ပို့စ်ကတ်လေးတွေ ရောင်းမယ်။ ရတာကူမယ်ပေါ့။ လက်မှုပညာရှင်တွေကလည်း ကိုယ်လုပ်ထားတဲ့ လက်မှုပစ္စည်းလေးတွေ ရောင်းချပြီး ရတာ အရင်းရောအမြတ်ရော လှူကြမှာပါ” လို့ ပြောပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူပေါင်း ၃,၈၆၆  ယောက်သေဆုံးပြီး ဒဏ်ရာရသူ ၅,၄၅၅ ယောက်နဲ့ ပျောက်ဆုံးနေသူ ၇၁၉  ယောက်ရှိနေပြီလို့ ဧပြီ ၂ ရက် ည ၈ နာရီ အထိ DVB က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013