Home
မြန်မာသတင်း
ငလျင်ဒဏ်ခံသင့် မြန်မာတွင် ရေနှင့်ဆေးဝါးများ ပြတ်လပ်၊ နိုင်ငံတကာရန်ပုံငွေ ပိုမိုလိုအပ်ဟု ကုလပြော
DVB
·
April 2, 2025
Photo: Reuters

မြန်မာနိုင်ငံအလယ်ပိုင်းမှာ မတ် ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေ များပြားခဲ့ပြီးနောက် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မိုက်ကယ်လ်ဒန်းဖို့တ်က ငလျင်ဒဏ်သင့် မြန်မာနိုင်ငံမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်း လည်ပတ်မှု အရှိန်မြှင့်ဖို့အတွက် နိုင်ငံတကာရန်ပုံငွေတွေ ပိုမိုရရှိဖို့ တောင်းဆိုပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေဟာ ပြန်လည်ထူထောင်ရေးအဆင့်ကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် WFP အဖွဲ့အစည်းအနေနဲ့ နိုင်ငံတကာ အလှူရှင်တွေဆီက ရန်ပုံငွေ ပိုမိုလိုအပ်နေကြောင်း မတ် ၃၁ ရက် တရုတ် ကမ္ဘာလုံးဆိုင်ရာ ရုပ်မြင်သံကြားကွန်ရက် (CGTN) နဲ့ အင်တာဗျူးမှာ မေတ္တာရပ်ခံလိုက်တာပါ။

ရန်ပုံငွေပြတ်လပ်မှုဟာ မြန်မာနိုင်ငံမှာ WFP ရဲ့ လုပ်ငန်းဆောင်ရွက်မှုအတွက် စိန်ခေါ်မှုတရပ် ဖြစ်ပါတယ်။

ရန်ပုံငွေပြတ်တောက်မှုကြောင့် ဧပြီလလယ်က စတင်ပြီး နိုင်ငံတဝန်းရှိ လူတသန်းကျော်ကို WFP ရဲ့ အသက်ကယ် စားနပ်ရိက္ခာအကူအညီကနေ ဖြတ်တောက်ခံရမှာဖြစ်ကြောင်း မတ်လလယ်မှာ သတိပေးခဲ့ပါတယ်‌။

မြန်မာနိုင်ငံအတွက် WFP ရဲ့အကူအညီ လျှော့ချလိုက်ရကတည်းက ချက်ချင်း သူ့လုပ်ဆောင်ချက်ကို အရှိန်မြှင့်ဖို့ လိုအပ်မှုကလည်း စိန်ခေါ်မှုဖြစ်နေတယ်လို့ WFP ရဲ့  မြန်မာကိုယ်စားလှယ် ဒန်းဖို့တ်က ပြောပါတယ်။

တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ WFP ရဲ့ ထုတ်ပြန်ချက်အရ အဖွဲ့အစည်းဟာ မြန်မာနိုင်ငံမှာ ထိခိုက်မှုအများဆုံး လူပေါင်း ၁ သိန်းကို အဆင်သင့်စားနိုင်တဲ့ အစားအစာနဲ့ ပထမဆုံး ထောက်ပံ့ပေးနိုင်တဲ့ အနေအထားမှာရှိပြီး အဲဒီနောက် လူပေါင်း ၈၀,၀၀၀ လောက်ကို တလစာ စားနပ်ရိက္ခာနဲ့ ငွေသား ထောက်ပံ့ပေးနိုင်ကြောင်း ဆိုပါတယ်။

ငလျင်ဒဏ်သင့်ဒေသတွေဆီ ဝင်ရောက်ခွင့်နဲ့ ယုံကြည်စိတ်ချရမှုမရှိတဲ့ ဆက်သွယ်ရေးစနစ်တွေဟာ ကြီးမားလှတဲ့ လိုအပ်ချက်တွေကို အပြည့်အ၀ တုံ့ပြန်မှုကို တိုးမြှင့်လုပ်ဆောင်နိုင်ဖို့ WFP နဲ့ မိတ်ဖက်တွေအတွက် စိန်ခေါ်မှုတွေ ဆက်ရှိနေတယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ကလည်း မြန်မာနိုင်ငံမှာ အထင်ကရ အဆောက်အအုံ ပျက်စီးမှုတွေရှိပြီး လူသေဆုံးမှု များပြားလွန်းတဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်အပြီးမှာ အမိုးအကာ၊ ရေသန့်နဲ့ ဆေးဝါးတွေ ရှားပါးပြတ်လပ်နေကြောင်း ဧပြီ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

မတ် ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ ရှိ ငလျင်ကြောင့် လူပေါင်း ၂,၇၀၀ ကျော် သေဆုံးပြီး ၄,၅၀၀ ကျော် ဒဏ်ရာရခဲ့ကာ အဓိကတံတားတွေနဲ့ ကားလမ်းတွေ အပါအဝင် အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေ ဆိုးဆိုးရွားရွား ပျက်စီးခဲ့တာပါ။

ရှာဖွေကယ်ဆယ်ရေး ကျွမ်းကျင်သူအဖွဲ့တွေဟာ အပျက်အစီးတွေထဲမှာ ပိတ်မိနေသူတွေကို ရှာဖွေဖို့ လုပ်ဆောင်နေပြီး ငလျင်လှုပ်ပြီးချိန် ၇၂ နာရီကြာနေပြီဆိုတော့ အသက်ရှင်ခွင့်အတွက် အရေးကြီးတဲ့ ကယ်ဆယ်ရေးအချိန်ကလည်း အရမ်းကို နည်းပါးလာနေပြီလို့ OCHA ရဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ်လည်းဖြစ်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး မာကိုလွီဂီ ကော်စီက ရန်ကုန်မြို့ကနေ ဂျီနီဗာရှိ သတင်းထောက်တွေကို ဗီဒီယိုလင့်ခ်မှတဆင့် ပြောကြားခဲ့ပါတယ်။

ကာလဝမ်းရောဂါ ပြန့်ပွားမှာကို စိုးရိမ်ရလို့ သောက်သုံးရေ ပြတ်လပ်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အေဂျင်စီ အများအပြားက သတိပေး နှိုးဆော်ထားပါတယ်။

UNICEF ရဲ့ လက်ထောက်ကိုယ်စားလှယ် ဂျူလီယာ ရီးစ်က “အရေးအကြီးဆုံးနဲ့ အလိုအပ်ဆုံးက ရေပါပဲ။ အပြင်မှာလည်း အရမ်းပူလွန်းပြီး လူမှုအသိုက်အဝန်းတွေမှာ သောက်ရေ၊ သုံးရေတောင် မရှိကြဘူး” လို့ ဗီဒီယိုလင့်ခ် မှတဆင့် ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ဟာ ဒီအခြေအနေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထိပ်တန်းအဆင့် အကျပ်အတည်းအဖြစ် သတ်မှတ်ခဲ့ပြီး ပလတ်စတစ်အခင်းတွေ၊ အိပ်ရာပစ္စည်းတွေနဲ့ ခြင်ထောင်တွေလို ပစ္စည်းတွေကို စီစဉ်နေပါတယ်။

“အရေးတကြီး လိုအပ်ချက်က အမိုးအကာနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ဖြစ်ပြီးတော့ ၄ နှစ်လောက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေ အန္တရာယ်လည်း ရှိနေတယ်” လို့ UNHCR ပြောရေးဆိုခွင့်ရှိသူ ဘဘာဘလို့ချ်က ဂျီနီဗာမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

OCHA၊ UNHCR နဲ့ UNICEF တို့ဟာ ရန်ပုံငွေဆိုင်ရာ စိုးရိမ်မှုတွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပြီး ကယ်ဆယ်ရေးပစ္စည်းတွေ ပြင်ဆင်သိုလှောင်ထားနိုင်ဖို့အတွက် ငွေကြေးထည့်ဝင်ပေးကြဖို့ နိုင်ငံတွေကို တိုက်တွန်းနေကြပါတယ်။

လက်ရှိအချိန်ထိ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂,၇၁၉ ယောက်အထိ မြင့်တက်လာပြီး လူပေါင်း ၄,၅၂၁ ယောက် ဒဏ်ရာရရှိကာ ပျောက်ဆုံးနေသူ ၄၄၀ ကျော်ရှိကြောင်း စစ်အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အင်္ဂါနေ့မှာ ပြောထားပါတယ်။

မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေး ရှိတဲ့ ငလျင်ကြောင့် ထိခိုက်သေဆုံးသူ စုစုပေါင်း ၃,၇၅၆ ယောက်အထိ ရှိနေပြီလို့ ဧပြီ ၁ ရက် ည ၈ နာရီအထိ  DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013