
အခုရက်ပိုင်းတင် လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးကြရတဲ့ မြန်မာနဲ့ ထိုင်းပြည်သူတွေအတွက် အထူးပင် သနားဂရုဏာသက်မိတဲ့အကြောင်း အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေက မတ် ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အား ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်အပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအရေးပေါ်အစည်းအဝေးကို ဗီဒီယို ကွန်ဖရင့်ကတဆင့် ကျင်းပခဲ့အပြီး ခုလို ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ ငလျင်လှုပ်ခတ်မှုဒဏ်ခံခဲ့ရတဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံတွေက အထူးသဖြင့် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ ဘန်ကောက်၊ ချင်းမိုင်နဲ့ အနီးတဝိုက်ဒေသတွေက အသက်ဆုံးရှုံးမှုတွေ၊ ထိခိုက်ဒဏ်ရာရရှိမှုတွေနဲ့ နေအိမ်တိုက် တာ အဆောက်အအုံတွေ အမြောက်အမြား ထိခိုက်ပျက်စီးမှုတွေအတွက် ဝမ်းနည်းရတဲ့ အကြောင်းလည်း ဖော်ပြထားပါတယ်။
မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိတဲ့ ငလျင်ကြောင့် ထိခိုက်သေဆုံးသူ ၂,၉၂၈ ယောက်အထိ ရှိနေပြီလို့ မတ်လ ၃၁ ရက်မနက်အထိ DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။
လူပေါင်း ၁ သန်းခွဲလောက်နေထိုင်တဲ့ မန္တလေးမှာ သာသနိကအဆောက်အအုံတွေ၊ လမ်းတံ တားတွေ ထိခိုက်ပျက်စီးခဲ့ရပြီး တချိန်တည်းမှာပဲ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာလည်း ဆောက်လက်စ အထပ်မြင့်တိုက်တလုံး ပြိုကျခဲ့တာကြောင့် အနည်းဆုံး လူ ၉ ယောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ငလျင်ကြောင့် နေပြည်တော် အပါအဝင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းမှာ သေဆုံးသူ များခဲ့ပြီး လူနေအိမ်တွေ၊ လမ်းတံတား အဆောက်အအုံတွေ၊ စေတီပုထိုးနဲ့ ဘာသာရေး အဆောက်အုံတွေ အများအပြား ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။
လတ်တလော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးဆုံးဖြတ်ချက်အရ အခက်အခဲ ကြုံတွေ့နေချိန်တွေမှာ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အပြန်အလှန်ထောက်ခံကြောင်း အလေးပေးပြောကြားခဲ့သလို ငလျင်လှုပ်ရှားမှုနဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေ ခံစားနေရတဲ့ မိသားစုတွေနဲ့ လူမှုအသိုက်အဝန်းတွေကို ကူညီဖို့ ဆုံးဖြတ်ထားကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။