စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်း ငလျင်တခု မတ် ၂၈ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့တာကြောင့် ပဲခူးတိုင်း၊ ဖြူးမြို့မှာလည်း အနည်းဆုံး လူ ၄ ယောက်သေဆုံးပြီး အဆောက်အအုံတချို့ ပြိုကျပျက်စီးသွား ပါတယ်။
ဖြူးမြို့၊ ဘူတာမြောက်ရပ်ကွက်အတွင်း ငလျင်ကြောင့် လူနေအိမ်တလုံးရဲ့ နံရံဟာ တဖက်ဟာ နေအိမ်ဘက်ကို ပြိုကျခဲ့တာကြောင့် တဖက်အိမ်မှာရှိနေတဲ့ မိသားစုဝင် ၆ ယောက်ထဲက ၄ ယောက် သေဆုံးခဲ့ပြီး တယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
နီးစပ်သူတယောက်က “ခေါင်းရင်းအိမ်ဘက်က နံရံက ပြိုကျတာ။ သူတို့က အိမ်နောက်ဘက် အဲဒီနံရံဘေးမှာ ဖျာခင်းပြီး ထမင်းစားနေကြတာ။ ၄ ယောက်ကတော့ သေသွားတယ်။ တယောက်ကတော့ ဒဏ်ရာရရုံပဲ၊ ကျန်တဲ့ ၄ ယောက်လုံးကတော့ နေရာမှာတင် ပိပြီးဆုံးသွားတယ်” လို့ ပြောပါတယ်။
သေဆုံးသူတွေဟာ အထက်တန်းပြဆရာမတယောက်အပါအဝင် သူ့ရဲ့ မိခင်၊ မတ်နဲ့ တူတော်စပ်သူတို့ ဖြစ်တယ်လို့ သိရပါတယ်။
ဖြူးမြို့အတွင်း ငလျင်ကြောင့် မီးသတ်ရေစင်၊ သက်တမ်းရင့်ရုပ်ရှင်ရုံတို့ အပါအဝင် အဆောက်အအုံ အများအပြား ပြိုကျပျက်စီးခဲ့သလို သေဆုံးမှုတွေလည်း ထပ်ရှိနေသေးတယ်လို့ သိရပါတယ်။