
(က)
မတည့်အတူနေ ငယ်ပေါင်းအဘများနှင့် ဘဝတကွေ့မှာ ခဏတွေ့ခွင့်ရခဲ့၍ မွန်းကြပ်နေသော ကာလကြီးမှာ ထွက်ပေါက်ရခဲ့ပါပေ၏။ သူတို့နှင့်ဆုံရတိုင်း ခေတ်ပျက်ခေတ်ဆိုးကြီးကို ခေတ္တမျှမေ့ကာ အသက်ရှူချောင်ပြီး အားရပါးရ ရယ်မောရပါ၏။
“စိမ်းမောင်တို့ခြံနားနီးပြီ ဖေကြီးရေ၊ အပြောအဆို ဆင်ခြင်နော်”
“ဟားဟား ဟားဟား ဟားဟား”
အဘစိမ်းမောင်ကို ‘ကြပ်’ နေကျ အဘစောမူးသာ၏ စကားအဆုံး ကျွန်ုပ်တို့အားလုံး လွတ်လွတ်လပ်လပ်ကြီး ရယ်ချလိုက်လေရာ ညောင်ပင်ပေါ်ကငှက်များ ရုတ်တရက် ထပျံသွားကြပါလေ၏။
“ဒီနေ့တော့ စိမ်းမောင်ကို ဖေကြီး ဝင်ကြပ်ကွာ”
“မလုပ်ပါနဲ့ အဘလုံးတုံးရယ်၊ ပြေးပေါက်မှားနေပါဦးမယ် ခင်ဗျား”
“ဟားဟား ဟားဟား ဟားဟား”
အဘစိမ်းမောင်တို့ခြံထဲ အဝင်မှာတင် သင်္ကြန်တေးတပုဒ်ကို အဟုတ်စည်းဝါးကျစွာ ဆိုနေသံကို ကြားကြရလေရာ အရွှင်အဘတွေက အဓိပ္ပာယ်ပါပါ ပြုံးပြကြပါ၏။
“ရှာပုံတော်မင်းသားကြီး
မဏ္ဍပ်တကာ ရောက်ခဲ့ပြီ
ဘယ်အရပ်သူ ဇာတိမှန်းလည်း
မသိတော့ အခက်တွေ့ပြီ
မနှစ်ကပေးတဲ့ မင်းလိပ်စာ
ရေတွေစိုလို့ ပျက်ကုန်ပြီ
မမှတ်မိတော့ ခက်သားလှဒေဝီ”
“အရပ်လေးမျက်နှာ
ခြေရာထပ်အောင်
သွား ခဲ့ ပါ သ ည်
ဟိုနေရာ တွေ့နိုးနိုး
ဒီနေရာ တွေ့နိုးနိုး
မင်းသားကြီးအလွမ်းဇာတ်က
နှစ်သစ်ကူးလေပြီ
အတာမင်းသမီးလေး
တွေ့ဖို့ အလွန်ခက်သည်”
“နှစ်သစ်ကူးမှာ
ပိတောက်ဝါလေးတွေ ပွင့်တော့မည်
ဥသြငှက်တွေ တွန်သံကြားရင်
အလွမ်းသံသရာရှည်
တေးသံကြားရာ လိုက်ရှာလည်း
ဒို့မတွေ့သည်
သို့သော်သို့သော် ဘယ်နေရာမှန်းမသိ
ဝေးနေပြီ
သင်္ကြန်သူဇာနတ်မယ် လေးနှမငယ်
တနှစ်တာခရီးမှာ မျက်လှည့်ပြလိုက်ပြီ”
“ဖြောင်းဖြောင်း ဖြောင်းဖြောင်း ဖြောင်းဖြောင်း”
အမှန်အကန် သီဆိုနေသူကား အဘစိမ်းမောင် ဖြစ်နေပါရောလား။ ကျွန်ုပ်တို့၏ အားပေးလက်ခုပ်သံ အပြီးမှာ အဘစိမ်းမောင်က လှည့်ကြည့်ကာ ပြုံးပြလာပါ၏။ ပြီးတော့ “မင်းတို့လည်း ဆိုကြလေကွာ၊ ပျော်ပျော်ပါးပါးပေါ့” ဟု ပြောလေရာ အဘစောမူးသာက “မင်းလောက်တော့ အဆိုပိုင်မယ် မထင်ဘူး၊ ခုနကသီချင်းပဲ ပြန်ထည့်ကွာ” ဟုပြောပြီး မိုက်ကိုယူ၍ သီဆိုပါလေ၏။
“မသာပေါ်ကုန် မင်းတြားကြီး
သူ့တပ်တကာ ပျောက်ခဲ့ပြီ
ဘယ်တပ်ကူ လာကြည့်ကြမ်းလည်း
မထိတော့ အခက်တွေ့ပြီ
မနှစ်ကပြေးတဲ့ တပ်လိပ်စာ
အသေတွေပိုလို့ ပျက်ကုန်ပြီ
အရပ်သိတော့ ရှက်သားအဘလေပြီ”
“အရပ်လေးမျက်နှာ သေရွာထပ်အောင်
များခဲ့ပါ သ ည်
ဟိုနေရာ နိုင်နိုးနိုး
ဒီနေရာ နိုင်နိုးနိုး
မင်းတြားကြီး သူ့တပ်က
အဖြစ်က မထူးလေသည်
အညာမင်းသားကြီး
ပြေးဖို့ အလွန်နီးပြီ”
“နှစ်သစ်ကူးမှာ
ငကြောက်ငနာအဘလေ လွင့်တော့မည်
နွေဦးငှက်တွေ တွန်သံကြားရင်
အဘတုန်နေပြီ
ပစ်သံကြားရာ လိုက်ရှာလည်း
အဘ မတွေ့သည်
သို့သော်သို့သော် ထင်ရာမှန်းဆ
ကြွေးလေသည်
အကြံကုန်လာတပ်ကွယ် ခွေးအဘရယ်
လစ်ခါနီးမှာ မျက်ခွက်ဖြတ်ရိုက်မည်”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
(ခ)
အဘစောမူးသာ၏ စာမြှောင်ကပ်တေးကို အဘစိမ်းမောင်က “ရီးပဲ” ဟု ဂုဏ်ပြုပါလေရာ တဝါးဝါး ဖြစ်ကြရပြန်ပါ၏။ ပြီးတော့ “ကဲ ကဲ . . . ကာရာအိုကေ နားမယ်၊ ရေနွေးသောက်ကြမယ်” ဟု လမ်းကြောင်းပြောင်းလေရာ အရွှင်အဘတွေက “ဆိုပါရစေအုံးကွာ၊ မုဒ်ဝင်နေပြီဟ” ဟုပြောရာ “ရီးပဲ” ဟု ထပ်ဆဲပါ၏။
အဘစိမ်းမောင့်သား အကြီးကောင် လေမောင် ရေနွေးကရားကြီးယူလာကာ ဓာတ်ဘူးတွေထဲသို့ ဖြည့်ပေးပါ၏။
“ဟေ့ကောင် လေမောင် . . . မင်းတို့မဏ္ဍပ်ဆောက်ဖြစ်လား”
“ဆောက်ဖြစ်တာပေါ့ အဘလုံးတုံးရာ၊ နေပြည်တော်က ဗဟိုမဏ္ဍပ်နဲ့အပြိုင် ဆောက်မှာ”
“အေးကွ၊ နေပြည်တော်မှာတော့ မဏ္ဍပ်ဆောက်ဖို့ ပြင်ဆင်နေကြပြီ”
“မအလအတွက် ‘နာရေးမဏ္ဍပ်’ လား”
“အေးကွ မူးသာရ၊ မအလကြီးရဲ့ အိမ်ပတ်ပတ်လည်မှာလည်း တူးနေဆွနေတာ နေ့မအားညမနား ဆိုပဲကွ၊ ‘မိသားစုမဏ္ဍပ်’ ထင်တယ်”
“ဟားဟား ဟားဟား ဟားဟား”
“ဘာရယ်တာလဲ မူးသာရ”
“ကြင်စိုး သာဝ မအလကြီးရဲ့ အိမ်ဘေးပတ်ပတ်လည်မှာ တူးနေ ဆွနေ ဆောက်နေတာ သင်္ကြန်မဏ္ဍပ် မဟုတ်ဘူးဟ”
“ဒါဖြင့် အဲဒါတွေက ဘာတွေလဲ”
“ဘာတွေဖြစ်ရမလဲဟ၊ အဲဒါ ‘ဘန်ကာ’ တွေ ‘ကတုတ်ကျင်း’ တွေတဲ့ဟ စိမ်းမောင်ရ”
“ဟေ . . .”
မအလကြီးမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပင် ညာနေစေကာမူ သူ့အခြေအနေမှာ လုံးဝမဟန်တော့မှန်း သိနေပြီဖြစ်သည့်အတွက် ‘နောက်ဆုံးခံစစ်’ ကောက်ရိုးမျှင်အနေဖြင့် သူ့အိမ် သူ့ယာမှာပင် ဘန်ကာတွေ ကတုတ်ကျင်းတွေ ပြင်ဆင်နေကြောင်း တပ်တွင်းဖရဲသီး သတင်းရင်းမြစ်အရ သိရှိရပါလေ၏ ခင်ဗျာ။
“အဲသည်ဘန်ကာတွေဟာ တော်လှန်ရေးတပ်ပေါင်းစုတွေရဲ့ ဘေးအတွက်သာမက သူ့ကို မကျေလည်တဲ့ သူ့လက်အောက်ငယ်သား တပ်မှူးကြီးငယ်နဲ့ ပြည်သူ့ရင်ခွင်ကို ခိုလှုံတော့မယ့် တပ်တွေရဲ့ တိုက်လာနိုင်တဲ့ ရန်ကိုလည်း ခုခံကာကွယ်ဖို့တဲ့”
“အေးကွ . . . ဒီကောင်ကြီးရဲ့နိဂုံး နီးပြီ”
“ရွှေပေါ်ကျွန်းဆရာတော်ကြီးရဲ့ တဘောင်ကဗျာဟာ ဒီနှစ်များ ကွက်တိကျမလားပဲဟ”
ထိုသို့ပြောအပြီး သူ၏ဖုန်းထဲသို့ရှာနေကာ ခဏအကြာမှာပဲ ထိုတဘောင်ကို သီချင်းလို ဆိုထားသည်အား ဖွင့်ထားပါလေတော့သတည်း။
“မီးကုန် ယမ်းကုန် ရိက္ခာကုန်
တပ်တွင်းသူပုန် ထလိမ့်မည်”
“သူပုန်ထကာ မင်းမိစ္ဆာ
မကြာချက်ချင်း ကျလိမ့်မည်”
“မင်းကျင့်တရား ထုံး ၁၀ ပါး
နဂါးတပ်က အောင်လိမ့်မည်”
“စိတ်ဝမ်းကွဲလျှင် ချက်ချင်းပင်
ထိုးစစ်ဆင်ကြပါလိမ့်မည်”
“တပေါင်းစစ်ချီ ဒေါင်းစစ်သည်
သောင်းတပ်ချီ တက်လိမ့်မည်”
“နဂါးတက်မင်း ပြည်တော်ဆင်း
မိစ္ဆာမင်းဆက် ပြုတ်လိမ့်မည်”
“ထိုနေ့အခါ ပြည်မြန်မာ
သာယာဝပြောကြလိမ့်မည်”
(ဂ)
အဘစိမ်းမောင်ကား မျက်နှာကြီးစိမ်းမှောင်ကာ စူပွစူပွလုပ်ရင်း တင်းနေပါလေတော့၏။ အရွှင်အဘတွေကား ပေါ့ပေါ့ပါးပါးနှင့်ပင် ပြုံးစိပြုံးစိ လုပ်နေကြလေရာ နောက်တခါ လာလိမ့်အုံးမည်ဟု ခန့်မှန်းမိပါ၏။
“မင်းတို့ နိုင်ငံရေးတွေ တော်တော့ကွာ၊ သင်္ကြန်သီချင်းတွေပဲ ပျော်ပျော်ပါးပါး ဆက်ဆိုကြရအောင်”
“အေးပါစိမ်းမောင်ရာ၊ မင်းတို့ငါတို့ဟာလည်း ငယ်ငယ်တုန်းက အတော်ကဲခဲ့တဲ့ သင်္ကြန်လုလင်တွေပဲ မဟုတ်လား”
“မူးသာပြောတာ အမှန်ပဲစိမ်းမောင်၊ ခုထက်ထိလည်း သင်္ကြန်သီချင်းတွေကို အလွတ်ရနေတုန်းပဲ မဟုတ်လား”
“အေးပါလုံးတုံးရာ၊ အလွတ်ဆိုကြရအောင်”
သို့ဖြင့် ကာရာအိုကေဘက်သို့ ပြန်တည့်လို့သွားကြကာ သင်္ကြန်သီချင်းများကို စာသားမကြည့်ဘဲ TV ကို ကျောခိုင်းကာ အဆိုပြိုင်ကြမည်ဟု ပြောကြပါလေ၏။ “လုပ်လိုက်လေ” တို့၊ “စိမ်လိုက်လေ” တို့ “ကြာသလားလို့” တို့ ပြောကြအပြီးမှာ ပထမဆုံး အလှည့်ကျသူက စိမ်းသရဖူစိမ်း အဘစိမ်းမောင်ပါ ခင်ဗျ။ TV ကို ကျောခိုင်းထားကာ လက်မထောင်ပြ၍ ‘မန်းတောင်ရိပ်ခို’ ကို ဆိုပါလေ၏။
“ချိုပြုံးရွှင်သော နှမပျိုငယ်
တကိုယ်လုံးပင် ချောအလှပိုတယ်
မြို့မနဲ့တမိထဲ ဖွားလို့
ဆိုတော့မယ်ကွယ်”
“အမောက်လေးတသသနဲ့
မြှောက်လို့ပေးတာ မဟုတ်ဘူးကွယ်”
“ယဉ်စစနဲ့ မြင်လိုက်ရတာ
အဝတ်အစားမှာပင် အလွန်တင့်တယ်”
“ထွန်းသစ်စ လရောင်ခြယ်
ခိုင်ညှာတန်ပွင့်လန်း ပန်းသို့နှယ်”
“ရိုးရိုးသားသားနဲ့
ကျုပ်တို့မြို့မက ကျေနပ်တယ်”
“မြနန္ဒာ ရေညိုညို ရေခပ်သန်းတော့
ရွှေမန်းတောင်ရိပ် အတူတူခိုသူ
ပျို ဖြူ တွေရယ်”
“ပျော်ခင်းလေး သာလှမိတယ်
အတိတ်ကောင်းယူကွယ်
နှစ်ဦးသင်္ကြန်တော်ဝယ်”
“ခါးသေးနွဲ့ မူယာကြွယ် အလှဂုဏ်မြင့်ဖွယ်
မာလာနွယ် ခိုင်ညှာရယ်
တယောက်ဆိုတယောက်လို့ အောက်မေ့တယ်
ခင့်မြို့မလာပြီကွယ် ဆီးကြိုလို့ရယ်
မောင်နှမအရင်းပင် ခင်မင်ချစ်သွေး ပြမိတယ်”
“ဇာတိမျက်ခြယ် ကျန်းမာပါစသက်လယ်
သြော် လောင်းပါလေကွယ်
ဟင် ပက်လိုက်တော့ကွယ်
နှစ်ကူးတော့မယ် ခင်ခင်ရယ်
လိုက်ခဲ့ပါလား အပျင်းတော်ပြေမယ်
မောင်တို့လာချေပေါ့ကွယ်
ကညာမေကျော့ရယ်
ငွေငန်း ထွက်ကာလည်”
“ဖြောင်းဖြောင်းဖြောင်း ဖြောင်းဖြောင်းဖြောင်း”
အဘစိမ်းမောင်ကို လက်ခုပ်တီး၍ ဂုဏ်ပြုကြပြီး အဘလုံးတုံးကလည်း ထိုသီချင်းကိုပင် ပြန်ရစ်ခိုင်းကာ TV ကိုကျောခိုင်း၍ အင်ထရိုကို နားဆင်၏။ အဆိုပိုဒ်အရောက်မှာ အဆိုသာမက အက ကလေးနှင့်ပါ တွဲဖက်၍ ဖျော်ဖြေပါလေတော့၏ ခင်ဗျာ။
“မချို မပြုံး မရွှင်သော အဘအိုရယ်
တကိုယ်လုံးပင် မောဟပိုတယ်
ငို့ဘနဲ့တမိထဲ ဖွားလို့
ဆိုတော့မယ်ကွယ်”
“တယောက်ပြေး တစစနဲ့
ကြောက်လို့ပြေးတာ အဟုတ်ထူးတယ်”
“ရင်တမမနဲ့ မြင်လိုက်ရတာ
အဝတ်အစားမှာပင် အလွန်စုတ်တယ်”
“ဂျွမ်းပစ်ကျ အဘကောင်တွေကွယ်
ယိုင်ကာမှန်လွင့်ကြမ်း စခန်းပြိုတယ်”
“ဖိုး ရိုး ဖား ရား နဲ့
ကျုပ်တို့ငို့အဘက မကျေနပ်တယ်”
“အဘရန်ရှာ လေပြို ပြို ညစ်ကာရမ်းတော့
ရွှေဂန်းဆောင်နှိပ် အတူတူဖြို မယ်
ညိုကီတွေရယ်”
“ဆော်ခင်းလေး သာလှမိတယ်
အတိတ်ဟောင်းလှူ မယ်
နှစ်ဦးအမှန်ဆော်မယ်”
“တအားပြေးတဲ့ မူယာကြွယ် အဘဂုဏ်နိမ့်ဖွယ်
ဘာညာရယ် မပိုင်ပါတယ်
တယောက်ကိုတပေါက်လို့ အောက်မေ့တယ်
မင့်တို့အဘလာပြီကွယ် ဆီးနှံလို့ရယ်
ငကြောင်အဘအရင်းပင်
မြင်ရင် စစ်သွေး ပြကြည့်ကွယ်”
“ဗျာတိစက်ဝယ် မလန်းရှာပါအဘရှက်ဖွယ်
သြော် ထောင်းပါလေကွယ်
ဟင် နှက်လိုက်တော့ကွယ်
အဖြစ်ထူးတော့မယ် ကြင်ကြင်ရယ်
မိုက်ခဲ့ပါလား အပြင်းဆော်နေတယ်
မောင်တို့လာချေပေါ့ကွယ် ကညာမေကျော့ပါ
ငွေဂန်း ဆွဲကာလည်”