
(က)
စိမ်းသရဖူစိမ်း တောင်ကျောင်းဆရာတော်နှင့် ဒါယကာကျော် အဘစိမ်းမောင်တို့ကား ကြင်စိုး သာဝ မအလ၏ ရုရှားဘောမခရီးစဉ်ကို အားရပါးရ ပြောဆိုနေကြဆဲ ဖြစ်ပါ၏။ အဘစောမူးသာနှင့် စစ်ပြန်ကြီး အဘလုံးတုံးတို့က ဖေကြီးအား ပြုံးစိပြုံးစိလုပ်ကာ မသိမသာ မေးဆတ်ပြကြပါ၏။
“တပ်ချုပ်ကြီးက သိပ်ကို ရွှင်ပြနေတာကွ”
“တင်ပါ့ . . . သူတို့နှစ်ဦးရဲ့ ထူးကဲတဲ့ တွေ့ဆုံမှုကိုး ဘုရာ့”
“အိမ်း . . . အမှန်ပဲစိမ်းမောင်ရ၊ သမိုင်းဝင်မယ့် ဆုံတွေ့မှုပေါ့ကွာ”
အစိမ်း ဆရာ ဒါယကာတို့၏ စကားဝိုင်းအတွင်းသို့ အရွှင်အဘတွေ ပြုံးစစနှင့် ဝင်ချလာပါလေတော့၏။
“ပူတင်းနဲ့ ကြင်စိုးတို့ တွေ့ဆုံမှုဟာ ‘သမိုင်း’ ဝင်ရုံမက ‘ရာဇဝင်’ ပါ ဝင်ခဲ့ပါပြီ ဘုရာ့”
“ဟေ . . . အေး . . .”
“ ‘ရာဇဝင်’ ဝင်ရုံမက ‘ထိုးဇာတ်’ အထိပါ ရောက်ရှိခဲ့တဲ့ ထူးခြားဆန်းပြားသော ခရီးစဉ်ကြီးအဖြစ် ကမ္ဘာက မှတ်တမ်းတင်ခဲ့ပါပြီ ဘုရာ့”
ဆရာတော်ကား မျက်ခုံးခပ်လှုပ်လှုပ်နှင့်ပင် နားဆင်နေပုံ တွေ့မြင်ရပါ၏။ အဘစောမူးသာက အဘလုံးတုံးကို ပြုံး၍ကြည့်လာလေရာ အဘလုံးတုံးကလည်း ဆက်၍ပြောလာပါလေ၏။
“မူးသာပြောတာ အမှန်ပဲဘုရာ့၊ တပ်ပြုတ်ကြီးရဲ့ အခုခရီးစဉ်က လက်ရှိ သာမန် ပစ္စုပ္ပန်လူသားတွေရဲ့ သာမန်ညောင်ည တွေ့ဆုံမှုမဟုတ်ဘဲ အတိတ်ဘဝက ဓာတ်တူနာမ်တူတွေရဲ့ ဆုံတွေ့မှုကိုး”
“ဟေ . . .”
“သောမကြွက်ဖြူ မင်းသည် မြေဆီမြေဥများကို တူးယူခဲ့၍ ထိုမြေဆီမြေဥတို့ဖြင့် မြတ်စွာဘုရားအား ပူဇော်သက္ကာရ ပြုလေသည်။ ဤသို့ ပူဇော်သည်ကို မြတ်စွာဘုရား ခံယူတော်မူ၍ ပြုံးတော်မူသည်။ ချစ်သားအာနန္ဒာ . . . ဤ သောမကြွက်မင်းသည် ငါဘုရား သာသနာတော် အနှစ် ၂၀၀၀ ကျော်သောအခါ ပါပမင်းတို့လက်ထက် သိုးဆောင်း ၁၂ မျိုးတို့တွင် ရုရှားလူမျိုး ဖြစ်လတ္တံ့။ ထိုရုရှားလူမျိုးမင်းသည် လက်နက်စကြာအမျိုးမျိုးကို တတ်မြောက်၍ လက်နက်စကြာရှင် ဖြစ်လတ္တံ့။ ထိုလက်နက်ရှင်ဖြစ်သော ရုရှားမင်းသည် အပရန္တတိုင်းကြီးရှင် မြန်မာဘုရင်တို့နှင့် ချစ်ကြည်သော မဟာမိတ် ဖြစ်လတ္တံ့ဟူ၍ ဘုရားရှင်က ဗျာဒိတ်စကား မြွတ်ကြားတော်မူခဲ့ကြောင်း ကြင်စိုးက ပူတင်းကို အတည်ပေါက်ကြီး ‘ထည့်’ ခဲ့တယ် မဟုတ်လား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
ဆရာတော်က ဣန္ဒြေကို ဆယ်တော်မူရန် ကြိုးပမ်းနေသော်ငြား အဘစိမ်းမောင်ကား “ရီးပဲ” ဟု တိုးတိုး ဆဲပါလေ၏ ခင်ဗျာ။ အရွှင်အဘတွေကား ရပ်မသွားဘဲ ကြင်စိုး ဆက်၍သွားသော ဘယ်လာရုစ်ခရီးစဉ်ကို ပြောကြားကြပြန်ပါလေ၏။
“တပ်ပြုတ်ကြီးခရီးစဉ်အပြီးမှာ ဘယ်လာရုစ်သမ္မတကြီး ရှိုက်ကြီးတငင်ငိုပြီး ကျန်ခဲ့တယ်တဲ့ လုံးတုံးရ”
“ဟေ . . . ဘာဖြစ်လို့လဲ မူးသာရယ်”
“ဘာဖြစ်လို့ရမလဲဟ၊ ပူတင်းကိုကျတော့ ‘သောမကြွက်မင်းကြီး’ လို့လည်း ‘မ’ ခဲ့၊ အထောက်အထား စာအုပ်ကြီးပါ မျက်နှာလိုအားရ ပေးအပ်ခဲ့ပြီး သူ့ကျတော့ ဘာမင်းကြီးလို့လည်းမပြော၊ ဘာစာအုပ်မှလည်း မပေးခဲ့တော့ ခွဲခြားဆက်ဆံခံရတယ်ဆိုပြီး ကြေကွဲခဲ့တာပါတဲ့ဗျား”
“ဝါး . . . ဟား ဟား ဟား ဟား ဟား ဟား”
(ခ)
ဆရာတော် စင်္ကြံလျှောက်ရန်လိုလို ထထွက်သွားတော့ အဘစိမ်းမောင်က “မင်းတို့ကောင်တွေကွာ” ဟု အံကြိတ်သံနှင့် ပြောပါ၏။
“ငါတို့ပြောတဲ့အထဲမှာ ဘာအမှားပါလို့လဲဟ”
“အဲ . . .”
“နောက်ဆက်တွဲအခြေအနေကတော့ သိပ်ကောင်းမယ်မထင်ဘူးဟ စိမ်းမောင်ရ”
“ဘာကိုပြောတာလဲဟ”
“မအလကိုကြိုက်တဲ့ မင်းတို့ ပူတင်းကိုကြိုက်တဲ့ မင်းတို့တွေဟာ သူတို့နောက်ကြောင်း ရာဇဝင်တွေကို အပြည့်အစုံ သိထားသင့်တယ်မဟုတ်လား”
“ဘာတွေလဲကွာ”
“ဒီမှာ စိမ်းမောင် ပူတင်ဟာ ‘ကြွက်’ ဆိုရင် ကြောက်လည်းကြောက် မုန်းလည်းမုန်းတဲ့သူကွ”
“မူးသာပြောတာ အမှန်ကွ၊ ပူတင်းဟာ ငယ်စဉ်က ဆင်းရဲလွန်းလို့ အနွေးထည်တောင် ကောင်းကောင်းမရှိခဲ့ဘူး၊ အနွေးဓာတ်ငွေ့ပေးထားတဲ့ အိမ်ခန်းတွေမှာ မနေရဘဲ အအေးဓာတ်လွှမ်းမိုးနေတဲ့ ဈေးပေါပေါအခန်းတွေမှာပဲ နေခဲ့ရသတဲ့”
“အဲဒါဘာဖြစ်လဲ”
“အဲသည်မှာ ‘ကြွက်’ နဲ့ စတင်ဆုံဆည်းခဲ့ရတာ”
“ဟေ . . .”
“တရက်မှာ အပြင်မှာ အေးလွန်းလို့ အအေးဒဏ်သက်သာလိုသက်သာညား ဆိုပြီး ပူတင်တို့မိသားစု အခန်းထဲကို ကြွက်တကောင် ဝင်လာသတဲ့”
“အဲ . . .”
“အဲသည်ကြွက်ကိုတွေ့တော့ ပူတင်းဟာ တံမြက်စည်းနဲ့ လိုက်ပြီးရိုက်တဲ့အခါ အဲသည်ကြွက်ဟာ အခန်းထဲမှာ အသက်လုပြီး ပတ်ပြေးနေရရှာသတဲ့ မူးသာရ”
“ဟေ . . . စိတ်ဝင်စားစရာပဲ လုံးတုံးရ”
“တိုတိုပြောရရင်ကွာ နောက်ဆုံးမှာ ပူတင်းဟာ အဲသည် ဘဝဟောင်းက သူ့အမျိုးကြွက်ကြီးကို အခန်းထောင့်မှာ ချောင်ပိတ်ထားနိုင်ခဲ့ပြီး တံမြက်စည်းကြီးနဲ့ရွယ်လို့ ဇီဝိန်ခြွေတော့မယ့် အခြေအနေ အချိန်အခါကို ဆိုက်ရောက်လာပါရောတဲ့ ဟ”
“ပြေးပေါက် ထွက်ပေါက်မှ မရှိတော့တဲ့ဟာ၊ ရိုက်အသတ်ခံလိုက်ရတယ် ဆိုပါတော့”
“မဟုတ်ဘူးကွ၊ ပူတင်းလည်း တံမြက်စည်းကို မြှောက်ပြီး လက်ကို အားကုန်လွှဲလိုက်တဲ့အချိန်မှာပဲ အအေးလွန်ကြွက်မင်းကြီးဟာ ရုတ်တရက် ခုန်ထွက်လာပြီး ပူတင်းမျက်နှာပြင်က နှာခေါင်းကို ဒိန်ခဲလိုသဘောထားပြီး ကိုက်တီးသွားလိုက်ကာ ထွက်ပြေးလွတ်မြောက်သွားသတဲ့ကွာ”
“အဲဒါ မင်းတို့ကို ဘယ်သူက ပြောပြတာလဲ”
“အဲဒါ လွန်ခဲ့တဲ့ လေးငါးနှစ်က ပူတင်းကိုယ်တိုင် ဖြေကြားထားခဲ့တဲ့ အင်တာဗျူး ရုပ်သံမှာ ပါတာကွ”
“ဟေ . . .”
“အဲဒါကို ဘာမသိညာမသိ မင်းတို့အဘ မအလက ‘ကြွက်မင်းကြီး’ လို့ သွား ‘မ’ ခဲ့တော့ ကြင်စိုး နောင်ရေးဟာ စိတ်မအေးစရာပါပဲဗျား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
(ဂ)
စိမ်းသရဖူစိမ်းတို့ ကိုးကွယ်တော်မူဆဲ အဘ ကြင်စိုး သာဝ မအလကြီးကား သူ့ပထွေး ကြွက်မင်းကြီးဆီမှ ပြန်လာစဉ် ဝမ်းသာလုံးဆို့ကာ ကယောင်ချောက်ချားတွေ ဖြစ်ပြီး ညစဉ်သောက်နေကျဆေးတွေအပြင် နောက်ထပ်ဆေးတမျိုးပါ ထပ်မံမှီဝဲနေရကြောင်း အတွင်းသတင်းအရ သိရှိရပါ၏။
“သူ့ပထွေးပူတင်းက ရေနက်ဆိပ်ကမ်းအယောင်ပြ စစ်စခန်းတွေ၊ တိုက်လေယာဉ်တွေနဲ့ နျူးကလီးယား ဓာတ်ပေါင်းဖိုတွေ လုပ်ပေးမယ်လို့ မအလ ဝမ်းသာအောင် လေလည်ပြလိုက်တော့ မင်းတို့အဘ ‘လဒူကြီး’ ပျော်မြူးနေတာပေါ့ဗျား”
“ဟားဟား ဟားဟား ဟားဟား”
သို့ပေသော်ငြား ထိုအပြုံး ထိုအပျော်တို့ကား ခုခါမတော့ ပျက်စီးသွားလေပြီဟု အရွှင်အဘတွေက မှတ်ချက်ပြုကြပါလေရာ အဘစိမ်းမောင်က “ဘာဖြစ်လို့လဲဟ” ဟု ဘုဆတ်ဆတ် မေးပါ၏။
“ဘာဖြစ်လို့ရမလဲ ဟကောင်ရ၊ မင်းတို့အဘ ‘လဒူကြီး’ ဟာ သူ့လိုပဲ နိုင်ငံနဲ့ပြည်သူအပေါ် ထင်တိုင်းကြဲ ရမ်းကား နှိပ်စက် သတ်ဖြတ်ခဲ့တဲ့ သူ့ဘော်ဒါကြီး အဖမ်းခံရတယ်လည်းကြားရော သူ့မှာ နေစရာကို မရှိတော့ဘူး”
“ဘာတွေလဲကွာ”
ထိုအခါ အရွှင်အဘတွေက ရှင်းပြကြပါ၏ ခင်ဗျာ။ ICC တရားရုံးရဲ့ ဖမ်းဝရမ်းထုတ်ခံထားရသည့် ဖိလစ်ပိုင်သမ္မတဟောင်း ‘ဒူတာတေး’ ကို လက်ရှိ ဖိလစ်ပိုင်အစိုးရရဲ့ ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးပြီး ICC တရားရုံးရှိရာ နယ်သာလန်နိုင်ငံ The Hague မြို့ကို ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ပြောပြကြပါ၏။
“အဲဒါ ဘာဖြစ်လဲ၊ သူ့နိုင်ငံနဲ့သူပဲ”
“စိမ်းမောင် . . . စိမ်းမောင်၊ ခုထက်ထိကို သဘောမပေါက်သေးဘူးကိုး”
“ဘာကို သဘောပေါက်ရမှာတုန်းဟ”
“နိုင်ငံတွေဟာ သီးခြားမဟုတ်တော့ဘူး၊ အစည်းအတားတွေကို ကျော်လွန်ပြီး ‘ကမ္ဘာ့ရာဇဝတ်ကောင်’ တွေကို ချိတ်ဆက်ဖမ်းဆီးလို့ ရနေပြီကွ”
“ဟေ . . .”
“အခုဆိုရင် မင်းတို့အဘ မအလကို ဖမ်းဝရမ်းထုတ်ပြီး ဖမ်းမယ့် ICC ဟာ ‘ဒူတာတေး’ ကို နမူနာအဖြစ် ရအောင်ဖမ်းပြီး တရားရုံးကို ပို့ဆောင်ပြလိုက်ပြီ”
“အဲ . . .”
“အေး . . ‘ဒူတာတေး’ ပြီးရင် ‘လဒူသာဝ’ အလှည့်ပဲဟ စိမ်းမောင်ရ”
“ဟမ် . . .”
“အဲဒါကြောင့် ဘာအရည်အချင်းမှမရှိဘဲ ပလ္လင်ပေါ်ကို ခွေးတိုးပေါက်ကတက်ခဲ့တဲ့ ချာတူးလံ တပ်ပြုတ်ကြီး မအလဟာ မကြာခင်မှာ တော်လှန်ရေးတပ်တွေရဲ့ လက်ရဖမ်းဆီးမှုကို ခံရရင် ခံရ၊ ဒါမှမဟုတ် ဖိလစ်ပိုင်လို ပြည်တွင်းရဲတပ်ဖွဲ့ဝင်တွေက ဖမ်းချုပ်ပြီး နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့လက်ကို အအပ်ခံရရင် ခံရနိုင်သကွ စိမ်းမောင်ရ”
“အယ် . . .”
“အဲဒါကြောင့် ညညကျရင် သူ့မြေအောက်ဥမင် ကာရာအိုကေခန်းမထဲက သီချင်းတပုဒ်ဆိုသံကို ထပ်ကာထပ်ကာ ကြားနေရတာကိုး လုံးတုံးရ”
“ဘယ်လိုများ ဆိုနေတာတဲ့လဲ မူးသာရာ”
ထိုအခါ အဘစောမူးသာက ကျော်ဟိန်းအိုက်တင်ဖမ်းကာ သူ၏ ဘယ်သံဝါကြီးဖြင့် ဤသို့ဤပုံ ဆိုပြပါလေတော့၏တည်း။
“အာဏာဟာ အပူပြင်းဆုံး
မီးခဲကြီးပဲ . . . . . .
ဒီလိုကြားခဲ့ဖူးလည်း
သိမ်းခဲ့တ ယ် . . . . . .
အပူဆုံးဆိုတာ အမုန်းတိုက်စစ်ကွယ်
ကိုယ်လေ ရှိသမျှတပ်တွေ ပြုတ်ခဲ့တယ်
ဒိုးရတော့မယ် အချစ်ရယ်
နှုတ်ဆက်ခဲ့ပါတယ်
လိုက်ရတော့မယ်အချစ်ရယ်
ဒူတာတေး နောက်ကိုကွယ်”
ဖေကြီး(လေရှီး)