
ဗန်းမော်အဘွား ဒီဇင်ဘာတုန်းက ဆုံးပြီတဲ့။ ...cb က ဝင်လာတဲ့ စာလေးတကြောင်း။ ရက်စွဲကို အလန့်တကြား ကြည့်လိုက်တော့ ဖေဖော်ဝါရီ ၁၅ ။ အင်တာနက်လိုင်း ဖုန်းလိုင်းဖြတ်တောက်ထားချိန် စတားလင့်ဝိုင်ဖိုင်ကျေးဇူးနဲ့ ၂ လကျော်ကြာမှသိရတဲ့ သတင်းတခု။ အသက် ၈၀ ကျော်အဘွားအို တယောက်သေတာ ဘာမှတော့ မဆန်းပါဘူး။ ဆန်းတာက သူ့ဘဝတလျှောက်လုံး ဘာပြစ်မှုမှ မကျူးလွန်ခဲ့ရဘဲ ပြေးနေခဲ့ရသူတယောက်ဖြစ်ခဲ့ပြီး ဘယ်လို ခေတ်စနစ်မျိုးမှာ သူနေခဲ့ရတယ်ဆိုတာကို ဂဃဏန မသိသွားဘဲ သေဆုံးသွားခဲ့ရတာပါပဲ။
မြန်မာနိုင်ငံမှာ ဘာဖြစ်မှန်းမသိ သေနတ်သံ ကြားတိုင်း ပြေးရပြီး ဘာကြောင့် ကိုယ့်အိမ်ရာမှာ နေခွင့်မရှိ IDPs ကို ဘာကြောင့် ရောက်လာမှန်းမသိ ဘယ်ချိန်ထိ လွတ်လပ်စွာသွားလာခွင့်မရှိ အဲဒီနေရာမှာ နေရမယ်မသိ နေနေရပြီး ၂၀၂၅ ကျမှ ဘာကြောင့်မှန်းမသိ အထောက်အပံ့တွေ ရုတ်တရက် ရပ်တော့မယ်ဆိုတဲ့ မသိမှုတွေအလယ်မှာ ဘာကြောင့်ရှိနေရမှန်းမသိတဲ့ ဘဝတွေ ဒီနိုင်ငံမှာ ဘယ်လောက်များခဲ့ပြီလဲ ဆိုတဲ့ မေးခွန်းတခုကို တွေးမိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ မသိပေမဲ့ လွတ်မြောက်သွားခဲ့ပြီပဲ။
အဲလို မသိမှုတွေထက် ဆိုးဝါးတာကတော့ သိသိကြီးနဲ့ အသိခေါက်ခက် အဝင်နက်သူတစု အာဏာရှင်ဆိုရင်တောင် ဖက်တွယ်အောင့်နမ်းနေတဲ့ လူတန်းစားတရပ် နိုင်ငံအုပ်ချုပ်တဲ့ ဘယ်အစိုးရကိုဖြစ်ဖြစ် ပိရိသေသပ်တဲ့ သိက္ခာတရားတွေနဲ့ ကိုယ့်လိုဘအတွက် အသုံးချဖို့ ဗျူဟာခင်းနေတဲ့ ရေပေါ်ဆီ အုပ်စုတွေနဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင်တော့ ဘာမှ မသိလိုက်ဘဲ ဘာပြစ်မှုမှ မကျူးလွန်ခဲ့ဘဲ သေဆုံးသွားသူတွေက ပိုအပြစ်ကင်း ငြိမ်းချမ်းပါတယ်လို့ပဲ ဖြေတွေးလိုက်ရင် ခဏတော့ နေသာထိုင်သာရှိသွားမယ် ထင်ပါရဲ့။
TV သတင်းဆောင်းပါးတခုမှာ တွေ့ခဲ့ဖူးတဲ့ အသက် ၇၀ ကျော်ထိ အိမ်ထောင်မပြုတမ်း စစ်ဘေးကနေ ပလိုင်းတလုံးနဲ့ ပြေးနေရသေးတဲ့ ကရင်အဘွားပျိုကို သတိရမိတယ်။ ၁၉၇၇မှာ တောင်ပေါ်ရွာကလေးကနေ ဗန်းမော်လေယာဥ်ပေါ် သူ သံယောဇဥ်မပြတ်တဲ့ ကြက်ခြင်းကြီးနဲ့ တက်စီးလိုက်လာ မြစ်ကြီးနားကို ပြောင်းခဲ့တဲ့အပြင် ဗမာစကား မတတ်လိုက်ဘဲ မြစ်ကြီးနားကောလိပ်မှာ မုန့်ပဲသရေစာ ရောင်းခဲ့တဲ့ အဘွား။ အသုံးလုံး သင်တန်းမှာ နငယ်စသင်တဲ့ညနေ ပညာရေးဆုံးခန်းတိုင်သွားကြောင်း ကွမ်းသွေးရဲရဲ နှုတ်ခမ်းပါးလေးမှာ ကျေနပ်နှစ်သိမ့်တဲ့အရောင်ရင့်ရင့် ခြယ်သထားရင်း ပြောပြနေခဲ့ဖူးတဲ့ အဘွား။ နငယ်ကို နမညယ်လို့ပဲ ကြားတာကိုး...ရေးတော့လည်း ကွေးကွေးကလေး...ရယ်မောရင်း ဘာမှ ဆက်သင်မရတော့ပဲ အသုံးလုံး ဘွဲ့ရသွားတယ်ဆိုပဲ။
ခုတော့ အဲဒီအဘွားရဲ့ မြေးမ ၂ ယောက်က ကျန်းမာရေး CDM ဝန်ထမ်းတွေ အဖြစ် ဓမ္မဘက်ရပ်တည်နေတယ်ဆိုရင် အဘွားရဲ့ ကွမ်းသွေးရဲရဲ နှုတ်ခမ်းပါးလေးက ဘယ်လောက်လှပစွာပြုံးနေလိုက်မလဲ။ ဘယ်က ဘယ်လိုတွေးတယ်မသိ သူ့ထင်မြင်ချက်ကို ၁၉၉၀ ကျော် အဘွားအသက် ၈၀ လောက်မှာ ဘယ်သူမှ မကြားနိုင်တဲ့ သူ့အိပ်ခန်းထဲမှာ အသံတိုးတိုးနဲ့ အရေးတကြီးပြောပြခဲ့တာက မြစ်ကြီးနားကို အစိုးရက တရုတ်တွေဆီ ရောင်းစားလိုက်ပြီနေမှာ ည ည ဆို စစ်ကားတွေအများကြီးပဲတဲ့။ အဘွားသာ ခုချိန် ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သွားတဲ့မြန်မာပြည်မြေပုံကို မြင်ရင် သူ အသုံးလုံး ဘွဲ့ရသွားစေတဲ့ စကားစုလေးကို ထအော်လေမလား မျှော်လင့်မိသေးတယ်။ ဘာပဲဖြစ်ဖြစ် အဘွားရဲ့ မျိုးဆက်တွေကတော့ အမှန်တရားဘက် ရဲရဲရပ်ခဲ့ပြီမို့ ဖွတ်လိုလို ပဒတ်လိုလို ကောင်တွေထက်စာရင် အဘွား သာတယ်။ အဲဒီ CDM မြေးနှစ်ယောက်က တော်လှန်ရေးရဲ့ ဇာတ်ကောင်တွေ ဖြစ်တယ်ဆိုရင် အနားသတ်မျဥ်းက အဘွားလို့ပဲ ဂုဏ်ယူချင်တယ်။
ဆုံးသွားတဲ့ အရီးဆိုရင် ဂတ်စ်နဲ့ချက်ပြုတ်လို့ရတယ်တောင် သိခဲ့လေမလား။ သူနေတဲ့ IDPs ကို မရောက်ဖူးခဲ့သူမို့ မသိနိုင်ပေမဲ့ အရီးကတော့ လွတ်မြောက်သွားခဲပြီပဲလေ။ ဒုတိယကမ္ဘာစစ်ဂယက်ရိုက်ခတ်ဆဲ ကာလမှာ ကမ္ဘာစစ်ကြောင့် စီးပွားပျက်နေတဲ့ မိဘရဲ့ သားသမီးများစွာထဲက တယောက်။ သူ့မိဘဆွေမျိုးတွေ ဘာလို့ ဒီလောက်ဆင်းရဲတွင်းနက်ခဲ့သလဲ သူ မသိခဲ့။ သူ မသိနားမလည်သေးခင်အချိန်မှာပဲ သူမသိသေးတဲ့ ဓလေ့ထုံးစံတွေရဲ့ အစီအမံနဲ့ အိမ်ထောင်တခုရဲ့ တာဝန်တွေကို သူ နားလည်သလောက် ထမ်းခဲ့ရတယ်။ ဆေးဘက်ဆိုင်ရာ အကူအညီ ဘာတခုမှ မရှိတဲ့ တောင်ပေါ်ရွာကလေးရဲ့ မီးမရှိတဲ့ အိမ်လေးထဲ သူ့ကလေးတချို့ သူ့မျက်စိအောက်မှာပဲ ဘာဖြစ်လို့ သေမှန်းမသိ နောက်ဆုံးထွက်သက် ရှိုက်နေတာကို မျက်ရည်တွေနဲ့ ခြေမကိုင်မိ လက်မကိုင်မိ ထိုင်ကြည့်နေခဲ့ဖူးသူ။ မူလတန်းပညာရေးလောက် သင်ယူဖို့ ကံကြမ္မာက ကြည်ဖြူမခံခဲ့ရသူပေမဲ့ သူ့သားသမီးတွေကိုတော့ ကျောင်းထားပေးဖို့ သူ သေသေချာချာသိခဲ့တယ်။
မန္တလေးတက္ကသိုလ်မှာ စာပေးစာယူနဲ့ ဘွဲ့ယူခဲ့သူက တောင်ပေါ်ရွာကလေးမှာတော့ သူ့သမီးကြီးက ပထမဆုံး ဖြစ်ခဲ့တယ်။ ခုချိန် ပင်စင်နားနီးနေတဲ့ သူ့သမီးကြီးက CDM ဝန်ထမ်းမို့ ကျောင်းမသွားတော့ဘူး ဆိုရင်လည်း CDM ဆိုတာ သူ ကြားဖူးတဲ့ အင်္ဂလိပ်စကားလုံး ဆိုတာထက် ပိုမှာမဟုတ်ဘူးလေ။ ကျောင်းမတက်ချင်တော့ဘူးဆိုတဲ့ သားသမီးတွေကိုလည်း သူ တတ်စွမ်းသလောက် ထောက်မပေးတဲ့ အမေအို။ သားသမီးတွေ ပညာရေးအတွက် တာဝန်ကျေချိန် သူတို့ လင်မယား အိမ်လေးတစ်လုံး ဆောက်နိင်ခဲ့လို့ ဝမ်းသာရမယ်ကြံခါမှ တကျော့ပြန်စစ်ဖြစ်ပြီး IDPs ကို ရောက်သွားတယ်။ သူ့ခင်ပွန်းက IDPs မှာပဲ ဆုံးသွားပြီး သူ့ရဲ့တစ်ဦးတည်းသောသားငယ်နဲ့ သူ နေရတယ်။ ဘယ်လောက် ဖတ်တတ်လဲ မသိပေမယ့် IDPs မှာတော့ မျက်မှန်လွတ်စာဖတ်နေသူအဖြစ် အဝေးသတင်းတွေနဲ့ ကြည်နူးစေခဲ့သူ။ ဖုန်းတွေမရှိခင်ကနေ ဖုန်းတွေ ကိုင်နိုင်တဲ့ခေတ်ရောက်လာတော့ ဖုန်းနဲ့ရိုက်တဲ့ သူ့မြေးတွေနဲ့ ကြည်နူးစရာ သူ့ပုံရိပ်တွေကို ကြည့်ခဲ့ရဖူးတယ်။ နင်တို့အရီး ဆုံးပြီဆိုတဲ့ သတင်းမှားတွေကြောင့်လည်း အကြိမ်ကြိမ် ဝမ်းနည်းခဲ့ရဖူးတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် သူအိမ်ပြန်ချိန်ပိုဝေးသွားတာ သူသိခဲ့လေမလား။ အဝေးက သားသမီးတွေကို လွမ်းရင်း တောင်ပေါ်ရွာကလေးကနေ ဗန်းမော်ဆင်း သင်္ဘောစီး ကသာဆိပ်ကမ်းကနေ နဘားကူး မြစ်ကြီးနားကို ရထားနဲ့တက်ပြီး သာသနာအစီအမံနဲ့ ကျောင်းတက်နေတဲ့ သူ့ရင်သွေးတွေဆီ သွားခဲ့ချိန်တွေကို သူ သတိရနေလေခဲ့မလားမသ်ိနိုင်။
တကယ့်ကို သာမန်ဘဝလေးပါပဲ။ အဲဒီဘဝလေးက ဒုတိယကမ္ဘာစစ်ဂယက်တွင်းမှာ ကြီးပြင်းခဲ့ရတယ်။ ရောင်စုံသူပုန်လို့ အစိုးရက သတ်မှတ်တိုက်ခိုက်နေချိန် ပေါ်တာလည်း လိုက်လိုက်။ ဆက်ကြေးလို့ နှိမ်ခေါ်တဲ့ အခွန်အခတွေ ပေးဆောင်လိုက်၊ တိုက်ပွဲသံ စစ်ကြောင်းသံတွေ နားစွင့်ပြေးလိုက်နဲ့ သားသမီးတွေကို ပညာသင်ပေးခဲ့ရင်း ငြိမ်းချမ်းရေးယူတယ်ဆိုတဲ့ စာရွက်ပေါ်ကကာလမှာ ခဏအသက်ရှူချောင် အိမ်လေးတစ်လုံး မြင်ဖူးစမှာပဲ တစ်ကျော့ပြန်စစ်ဖြစ်ပြီး IDPs ရောက်သွားတယ်။ မှတ်မှတ်ရရ ကိုဗစ်တို့ ကိုရိုနာဗိုင်းရပ်တို့ lockdown တို့ ကွာရန်တင်းလို စကားလုံးတွေနဲ့ ရင်းနှီးခဲ့မယ်။ အိမ်ပြန်ဖို့နီးလာပြီထင်ချိန်မှ မြန်မာတစ်ပြည်လုံး ကြက်အုပ်ထဲ စွန်ဝင်ချီသလို ဝရုန်းသုန်းကားဖြစ်သွားတာ သူ သိနိုင်ခဲ့မလား။ မံစီ ပျက်ပြီ၊ ဗန်းမော် ထိပြီ ဆိုတဲ့အချိန်သူ စိတ်လျှော့သွားလေသလား။ အမေရိကန်သမ္မတသစ်ရဲ့ အမိန့်ဂယက်တွေ ရိုက်ခတ်မှုတွေကို သူ သိမသွားတာ တော်တော်စိတ်ချမ်းသာစရာကောင်းနေပါပြီ။
သူ့ဘဝတလျှောက်လုံးလည်း ကမ္ဘာစစ်၊ မြန်မာစစ်ဒဏ်တွေနဲ့ တဆစ်ဆစ် နာနေရင်တောင် ထုံလွန်းသွားလို့ နာကျင်နေမှန်း သိခဲ့လေမလား။ သူ ဘာကြောင့် ဆုံးသွားတယ်။ ဘယ်သူ့ လက်ပေါ်ဆုံးတယ်ဆိုတာ အဝေးက သားသမီး ဆွေမျိုးတွေ မသိရ။ သူ့ကို မြေချတဲ့နေ့ အဆင်ပြေရဲ့လား။ ကချင်တွေရဲ့ ဓလေ့ထုံးစံအရ သက်ကြီးရွယ်အိုတွေကို သင်္ဂြိုဟ်ရင် နွားလို သားကြီးဟင်းမျိုးနဲ့ ကုသိုလ်ယူလေ့ရှိကြတော့ ဆွေမျိုးဉာတိ အဝေးကလာသူတွေကို ကျွေးမွေးဖို့ အဆင်ပြေပါရဲ့လားမသိ။ ဘုန်းတော်ကြီးတွေ ကြွလာသလားလဲ မသိ။ ဖုန်းလိုင်း အင်တာနက်လိုင်းဖြတ်တောက်ထားချိန် အချိန်မီသိရင်တောင် ပုံမှန်တောင် ခရီးထောက်တဲ့ အဆင့်ဆင့်သွားရတဲ့ နေရာက ခုချိန် ဝိုင်းမော်၊ ဗန်းမော်၊ မံစီ၊ လားရှိုးလမ်းက စစ်တလင်း။ တရုတ်ပြည်က ဖြတ်ဝင်ရတဲ့လမ်းကလည်း တရုတ်ပြည်ဘက် ဝင်ဖို့ မဖြစ်နိုင်။ မိုးကောင်းမြို့နယ်လေးထဲက CDM မူလတန်းပြဆရာမကြီးက သူ့အမေရဲ့ နောက်ဆုံးခရီးကို လူတယောက် ကျပ်သိန်း ၃၀ အနည်းဆုံးပါမှ ရောက်နိုင်မယ့်ခရီးကို ဘယ်လို မှန်းနိုင်မှာတဲ့လဲ။ မသန်စွမ်း ရင်သွေးငယ်ကြောင့် ရာသက်ပန်မူလတန်းပြဆရာမ ရာထူးကို ကုပ်ဖက်တွယ်ထားပြီး ရာထူးတိုးသတင်းကြားတိုင်း သူ့အခြေအနေတင်ပြပြီး ရာထူးမတိုးပေးဖို့ တောင်းဆိုခဲ့ရသူဆိုတော့ သူ့အမေအိုကိုတောင် သေချာမထောက်ပံ့နိုင်ခဲ့သူလေ။
စစ်တပ် အာဏာသာ မသိမ်းခဲ့ရင် အရီးသူ့အိမ်ရာမှာ ခေါင်းချနိုင်မယ် ထင်ပါရဲ့။ အချိန်အတော်လင့်ပြီးမှ သိရတဲ့ ဆွေမျိုးရင်းချာတွေက ကြေကွဲ စိတ်မကောင်းဖြစ်ရုံပဲ။ ခုချိန် မြန်မာနိုင်ငံကြီးရဲ့ အခြေအနေကို သူ သေသေချာချာ နားလည်ခွင့်ရမယ်ဆိုရင် သူ့မျိုးဆက်တွေအတွက် အသေတောင်ဖြောင့်ပါ့မလား။ ဗန်းမော်ခရိုင် ဝေးလံခေါင်ခက်တဲ့ တောင်ပေါ်ရွာလေးက သူ့မိသားစုမှာ စစ်တွေကို ဆန်တက်ရင်း ကျည်သင့်ဗုံးမှန် သေပျောက်သူ မရှိခဲ့ဘူး။ မြေမြုပ်ဗုံးကွင်းထဲ မိုင်းနင်းမိတဲ့သူ မရှိခဲ့ဘူး။ ဒါပေမဲ့ မြေပြန့်က ပျော်ရွှင်ပြည့်စုံစွာ ပညာသင်ယူခွင့် အေးချမ်းလုံခြုံစွာ မိဘရင်ငွေ့ရိပ် ခိုလှုံခွင့် အမေရဲ့ ထမင်းဝိုင်း လက်ဆေးအခန့်သင့် ထိုင်စားခွင့် မိသားစုံစုံလင်လင် ပျော်ရွှင်စွာနေထိုင်ခွင့်လို အခွင့်အရေးမျိုးတော့ ဒီတသက် သူ့သားသမီးတွေ မရခဲ့တာတော့ သူဝမ်းနည်းမှာပါ။ အဲဒီလောကဓံကို တောင်ပေါ်တိုင်းရင်းသားတွေပဲ ခါးခါးသီးသီး ခံစားခဲ့ရတာ သူမသိခဲ့ဘူး။ ခုချိန် အညာမြေမှာ ကလေးတွေ ပြေးနေရ ငတ်နေရ ကရင်နီပြည်နယ်က ကလေးတွေ ဗုံးခိုကျင်းထဲ သေရတာ လေယာဥ်ဗုံးဒဏ်ကြောင့် မျက်စိရှေ့တင် တစစီ လွင့်ပျောက်ကုန်တာ စာသင်ခန်းထဲက ကလေးတွေ လေယာဥ်ဗုံးကြဲလို့ နေ့လယ် ထမင်းချိုင့်စားသူ မဲ့သွားတာတွေသာ သူ သိရင် ဘယ်လောက်တောင် ရင်ထုမနာ ကိုယ်ချင်းစာနေလိမ့်မလဲ။ လက်နက်ကြီးကျည် တဝုန်းဝုန်းကြား ဆာလောင်မွတ်သိပ်တယ် ဆိုတာမျိုးကို သူ အသိဆုံးပါ။ အဲဒီလို အခြေအနေတွေ ကြားထဲက သူ မရမက ပျိုးခဲ့တဲ့ အပင်ကလေးတွေ ခုချိန် တော်လှန်ရေးရဲ့ သူရဲကောင်းတွေအဖြစ် တည်တည်တံ့တံ့ ကြံ့ကြံ့ခံ ရပ်တည်နေတယ်ဆိုတာ သူ သိရင်တောင် သူ ဘယ်လောက် အရေးပါခဲ့တယ် ဆိုတာတော့ သူ သိမယ် မထင်ဘူး။ သူက သာမန်အမေပါ။ ဘဝတိုက်ပွဲကို တည်ငြိမ်စွာ တိုက်ခိုက်နိုင်ခဲ့သူ။ ဒီတော်လှန်ရေးထဲက နှမ်းတစေ့ကို သူလို သူပျိုးထောင်ပေးနိုင်ခဲ့တယ်။ အမေတွေအများကြီးရဲ့ ရင်သွေးတွေကြောင့် တော်လှန်ရေးက ပိုသက်ဝင်ရုပ်လုံးကြွနေခဲ့တာ အနားသတ်မျဥ်းတကြောင်း ဖြစ်တဲ့ သူလို အမေတွေ သိနိုင်ပါရဲ့လား။ တော်လှန်ရေးမှာ အာဇာနည်ဖြစ်ခဲ့တဲ့ လူငယ်တွေ၊ ကိုယ်ခန္ဓာ အစိတ်အပိုင်းပေးလှူခဲ့တဲ့ သူရဲကောင်းတွေ ရတာစားပြီး တော်လှန်ရေးမှာ ကြံ့ကြံ့ခံနေတဲ့ ရတနာလေးတွေရဲ့ ပုံရိပ်ကို ပိုကြွတက်ပီပြင်အောင် အနားသတ်မျဥ်းတွေအဖြစ် ရှိနေခဲ့တဲ့ အမေတွေ အဖေတွေ မောင်နှမသားချင်းတွေ။ ဘာသတင်းမှ မရဘဲ စောင့်မျှော်နေရတဲ့ မိဘတွေအကြောင်းသာသိရင် ပြည်တွင်းက စစ်ပွဲတွေအကြောင်း နှစ်ပေါင်း ၇၀ ကျော်ပိုသိခဲ့တဲ့ အရီးက အားနာနေဦးမယ် ထင်ပါတယ်။
အာဏာရှင်ကို တော်လှန်တဲ့ပွဲကို ပန်းချီတချပ်လို ရေးဆွဲမယ်ဆိုရင် အရီးတို့လို မိဘတွေက ဘောင်။ တိမ်တောင်တွေဆိုရင် ငွေရောင်အနားကွပ် စာအုပ်တအုပ်မှာ ရေးကြမယ်ဆိုရင် မာဂျင်မျဥ်း ပုံဆွဲစာအုပ်မှာ ဆွဲရင်တော့ အနားသတ်မျဥ်း ခြင်းပလိုင်း ဆိုရင် အကွပ်။ သူရဲကောင်းတွေရဲ့ ဦးသျှောင်တွေ။
အရီးနဲ့ တော်လှန်ရေးထဲက သားသမီး မသိလိုက်ဘဲ ပြုစုသူမဲ့ သေဆုံးသွားရတဲ့ မိဘရင်သွေး သားချင်းတွေနဲ့ တော်လှန်ရေးထဲ အုတ်တချပ် သဲတပွင့်အဖြစ် ပါဝင်နေတဲ့ တရားသောလမ်းမပေါ်က ချွေးပြိုက်ပြိုက်နဲ့ သာမန်ပါ ဆိုတဲ့ သူရဲကောင်းတွေအပါ အားလုံးကို လေးစားဂုဏ်ယူစွာပဲ ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။
ဒီးဆိုင်း