Home
မြန်မာသတင်း
ရိုဟင်ဂျာများအတွက် ကန်ဒေါ်လာ ၉၃၄ သန်းကျော် ကုလအေဂျင်စီများ တောင်းခံ
DVB
·
March 25, 2025
Photo: REUTERS/Mohammad Ponir Hossain

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ လက်ခံအိမ်ရှင်အတွက် လိုအပ်နေတဲ့ အသက်ကယ်အကူအညီ အမေရိကန်ဒေါ်လာ ၉၃၄ သန်းကျော်ကို အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM)၊  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ရှာဖွေနေတဲ့ကြောင်း မတ် ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံတွင်း မတည်မငြိမ်ဖြစ်နေတဲ့ တိုက်ပွဲနဲ့ ပဋိပက္ခတွေ၊ ဘဏ္ဍာငွေ အရင်းအမြစ်တွေ လျော့နည်းလာတာတွေ၊ အပြိုင်အဆိုင်ဖြစ်လာနေတဲ့ ကမ္ဘာ့အကျပ်အတည်းတွေက လူသားချင်းစာနာမှု အကူအညီတွေကို လုံးလုံးလျားလျား မှီခိုနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အရေးတကြီးဖြေရှင်းရမယ့် အခြေအနေတရပ် ဖြစ်လာတယ်လို့ ဆိုပါတယ်။

၂၀၂၅-၂၆ ရိုဟင်ဂျာ လူသားချင်းစာနာမှု အကျပ်အတည်းအတွက် ပူးတွဲတုံ့ပြန်မှု အစီအစဉ်ကိုတော့ မိတ်ဖက် ၁၁၃ ဦးကို စုစည်းထားပြီး ဘင်္ဂလားဒေ့ရှ် အစိုးရ ဦးဆောင်မှု အောက်မှာ IOM အဖွဲ့နဲ့ UNHCR တို့က ပူးပေါင်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းမှာ ဒုက္ခသည်တွေနဲ့ လက်ခံအိမ်ရှင် အပါအဝင် လူပေါင်း ၁ ဒသမ ၄၈ သန်းနီးပါးဆီ ရောက်ရှိနိုင် ဖို့ ပထမနှစ်မှာ အမေရိကန်ဒေါ်လာ ၉၃၄ သန်းခွဲကို တောင်းခံထားတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားဒုက္ခသည်စခန်းမှာတော့ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက မြန်မာစစ်တပ်ရဲ့ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုတွေကြောင့် ထွက်ပြေးခိုလှုံလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်ကို လက်ခံထားတာပါ။

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက်ဒ် ယူနွတ်စ်ကတော့ ရိုဟင်ဂျာတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ ပတ်သက်ပြီး ဖြေရှင်းချက် တစုံတရာ မရှိဘဲ နှစ်ပေါင်းများစွာ ဆက်ဖြစ်လာနေခဲ့သလို ဒီအကျပ်အတည်း ကို နိုင်ငံတကာက အာရုံစိုက်ဖို့ ကြိုးစားနေတဲ့အကြောင်း ပြောထားပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲ နေထိုင်သူတွေထဲက ထက်ဝက်ကျော်ကတော့ ကျား-မ အခြေပြုအကြမ်းဖက်မှုနဲ့ ခေါင်းပုံဖြတ်ခံရမှုအန္တရာယ် မြင့်မားစွာ ကြုံတွေ့နေရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ဖြစ်ကြပြီး ရိုဟင်ဂျာဒုက္ခသည် ၃ ယောက်မှာ တယောက်က အသက် ၁၀ နှစ်ကနေ ၂၄ နှစ်ကြား အရွယ်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

စားနပ်ရိက္ခာအကူအညီနဲ့ အခြေခံအမိုးအကာတွေ လျှော့ချတာတွေ အပါအဝင် အရေးကြီးတဲ့ ဒေသတွေက ရန်ပုံငွေပြတ်လပ်မှုမှန်သမျှဟာ ဒီလို အလွန်ထိခိုက်လွယ်တဲ့ လူဦးရေအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်စေနိုင်သလို မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်အခြေအနေ ငြိမ်းချမ်းပြီး ဘေးကင်းလုံခြုံစွာ မိမိဆန္ဒအလျောက် နေရပ်ပြန်နိုင်ဖို့ အထောက်အကူဖြစ်စေတဲ့တိုင်အောင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့  ဒုက္ခသည်တွေအတွက် အကူအညီ၊ အခွင့်အလမ်းတွေ ပံ့ပိုးပေးနိုင်ဖို့ ဆက်လက်လုပ်ဆောင်ရမယ်လို့လည်း တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီတွေ ဖြတ်တောက်တာဟာ ရာဇ၀တ်မှုတခုဖြစ်တယ်လို့ ပြောလိုက်ပြီး ကမ္ဘာလုံးဆိုင်ရာ အကူအညီတွေ ပေးအပ်ကြဖို့ တောင်းဆိုထားခဲ့တာပါ။

မတ် ၁၃ ရက်မှာ သွားရောက်ခဲ့တဲ့ သူ့ရဲ့ ၄ ရက်ကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်မှာ ခုလို ပြောလိုက်တာဖြစ်ပြီး ဒီလို အကူအညီဖြတ်တောက်မှုတွေက လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြစ်စေနိုင်တယ်လို့  သတိပေးလိုက်သလို ရိုဟင်ဂျာအကျပ်အတည်းကို တုံ့ပြန်ရာမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ကြိုးပမ်းမှုတွေကိုလည်း ချီးကျူးလိုက်တာပါ။

လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ ဖိနှိပ်မှုတွေကြားက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဆွေးနွေးဖို့အတွက် ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပြီး ကော့ဇ်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေဆီလည်း သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013