Home
မြန်မာသတင်း
ဝက်လက်က သာသနာ့နယ်မြေ ၂ နေရာနှင့် စဉ့်ကိုင်ရွာကို စစ်တပ်က ဗုံးကြဲ
DVB
·
March 22, 2025

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က သာသနာ့နယ်မြေ ၂ နေရာနဲ့ စဉ့်ကိုင်ရွာကို စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်ခဲ့လို့ အဆောက်အအုံတွေပျက်စီးပြီး အသက် ၁၂ နှစ်အရွယ် ကလေးအပါအဝင် ဒေသခံတွေလည်း ဒဏ်ရာရသွားပါတယ်။

မတ် ၂၀ ရက် မနက် ၉ နာရီကျော်လောက်နဲ့ ညနေ ၅ နာရီလောက်မှာ တံတားဦး လေယာဉ်ကွင်းနဲ့ မိတ္ထီလာ လေယာဉ်ကွင်းက‌နေတက်လာတဲ့ ဂျက်ဖိုက်တာတွေကနေ စေတီနဲ့ ဘုန်းကြီးကျောင်း ဝန်းကျင်တွေကို တိုက်ခိုက်ခဲ့တာပါ။

ဒေသခံတယောက်က “လေကြောင်းတိုက်ခိုက်မှုက မနက်ခင်းပိုင်းမှာတော့ စဉ့်ကိုင်‌တောင်ရွာရဲ့ မြောက်ဖျားမှာရှိတဲ့ ဘုရားကြီးတဆူနဲ့ ဘုန်းကြီးကျောင်းကြားကို ချသွားတာဗျ။ ဗုံးသီးက ၂ လုံးပါ။ ဆွမ်းစားကျောင်းဆောင်နဲ့ဘုရားကြီးကိုမီးပူ‌ဇော်တဲ့ မီးစက်တဲတလုံး ပျက်စီးတာရှိခဲ့တယ်ဗျ။ ပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်” လို့ ပြောပါတယ်။

စဉ့်ကိုင်ရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲဦးမယ်လို့ သတင်းတွေထွက်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ‌‌ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

ကမ်းဖြူရွာ ဒေသခံတယောက်ကလည်း “ကျနော်တို့ကမ်းဖြူရွာအနောက်ဘက်(ဒေသအခေါ်) မိုးကြိုးပြင်တောမှာရှိတဲ့ လက်ပံပင်တောကျောင်း တရားစခန်းရှိရာနေရာကို ဗုံးသီး ၃ လုံးချသွားတယ်ဗျ။ လူထိခိုက်မှုတော့မရှိခဲ့ဘူး။ တရားစခန်းငယ်လေးတွေတော့ ပျက်စီးတာရှိခဲ့တယ်” လို့ ပြောပါတယ်။

စဉ့်ကိုင်ရွာကိုလည်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မတ် ၂၂ ရက် ဒီနေ့ မနက်အစောပိုင်းမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ အသက် ၁၂ နှစ်အရွယ် ကလေးအပါအဝင် ဒေသခံ ၃ ယောက် ဒဏ်ရာရသွားပါတယ်။

ဒေသခံတယောက်က “ဂျက်ဖိုက်တာ ၂ စီးနဲ့ကို ၂ ကြိမ်လာကြဲတာဗျ။ တခါကြဲရင် ဗုံးသီးက ၂ လုံးပေါ့။ အရင်ဆုံးလာကြဲတဲ့ဗုံးသီးက ရေထဲကျပေါက်ကွဲပြီး အိပ်ပျော်နေတဲ့ မိသားစုကို ကျည်အပိုင်းအစတွေ ထိမှန်ခဲ့ရတာဗျ။ ထိမှန်တဲ့ ပြည်သူအမည်တွေက ဦးတင်လင်း အသက် ၅၀၊ နှုတ်ခမ်းပဲ့ပြီး သွားကျိုးဒဏ်ရာရရှိ၊ ဒေါ်စိန်မာ အသက် ၅၀ ညာဘက်လက် ထိမှန်နဲ့ မောင်ထက်အာကာလင်း အသက် ၁၂ နှစ်၊ ဦးခေါင်းထိမှန်ဒဏ်ရာ ရရှိခဲ့ရတယ်ဗျ။ နောက်ထပ် ဒုတိယအကြိမ် လာကြဲချတဲ့ဗုံးသီးကတော့ စဉ့်ကိုင်တောင်ရွာနဲ့ စဉ့်ကိုင်မြောက်ရွာကြားက ဘုရားကြီးရဲ့အရှေ့ဘက် ကွင်းထဲကိုကျတာဗျ။ လူအထိခိုက်တော့ မရှိခဲ့ဘူး” လို့ ပြောပါတယ်။

ဝက်လက်မြို့နယ်၊ စဉ့်ကိုင်ရွာကို မတ် ၁၆ ရက်နေ့မနက်ပိုင်းက လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ၆ လသားအရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၄ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။

ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တယောက်က “ဒီရွာမှာတော့ ဘာမှမရှိဘဲနဲ့ကို အသားလွတ်လုပ်နေတာဗျ။ စစ်ကိုင်းမြို့နယ်၊ လက်ပံရွာဘက်မှာတော့ ပေါက်ကိုယ်တော်နဲ့ ဝေဘုံလကျောင်းက ဦးဝေဘုံတို့ဦးဆောင်တဲ့ ပျူစောထီး၊ စစ်သားအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ မတ်လ ၂၀ ရက်နေ့ကတော့ တိုက်ပွဲဖြစ်တာရှိတယ်။ ကျနော်တို့ ဝက်လက်မြို့နယ်ဘက်ခြမ်းမှာတော့ ဘာတိုက်ပွဲမရှိဘဲနဲ့ကို လာကြဲနေတာပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလတုန်းက စဉ့်ကိုင်ရွာနားမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က စစ်ကြောင်းတကြောင်းလုံးနီးပါး ဆုံးရှုံးသွားခဲ့ဖူးပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013