Home
မြန်မာသတင်း
မြောင်တွင် စစ်ရေးတင်းမာ၊ စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီး အင်အားဖြည့်တင်း
DVB
·
March 21, 2025

မြောင်မြို့ပေါ်မှာ စစ်ရေးတင်းမာနေတာကြောင့် မတ်လဆန်းကစပြီး စစ်ကောင်စီက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်တာ၊ အင်အားဖြည့်တင်းတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ 

မတ် ၁၉ ရက်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် မြောင်မြို့ပေါ်က ပြည်သူ ၂ ယောက်သေဆုံးခဲ့ပြီး မတ် ၂၀ ရက်မှာ လေကြောင်းတိုက်ခိုက်တာကြောင့် ကျီကုန်းရွာက ပြည်သူ ၂ ယောက် ထပ်မံသေဆုံးခဲ့ပါတယ်။ 

မြောင်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေကို မြောင်၊ စစ်ကိုင်းနဲ့ ရေစကြိုဒေသတွင်း PDF တွေက ကြားဖြတ်တိုက်ခိုက်မှုတွေပြုလုပ်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။

မြောင် PDF တပ်ဖွဲ့မှ ဗိုလ်တိုက်ဂါးက “စစ်ကြောင်းက ရွာတွေပတ်ဝိုင်းတာပေါ့။ ကူးတို့ကုန်းတို့၊ မရိုးကုန်းတို့ ရွာတွေပြေးရတယ်ပေါ့ မြောင်မြို့နယ်။ လေထီးကျတာက အရင်တုန်းက ၈လေးလုံးမှာ နိုင်ငံရေးလုပ်ခဲ့တဲ့ ဆရာပေါက်ရဲ့သမီးအိမ်ပေါ့၊ အိပ်နေတုန်း ခေါင်ပေါ်တည့်တည့်ကျတယ်။ ကျတော့ ဆရာမကြီးဆုံးသွားတယ်၊ သမီးဖြစ်သူ ခြေထောက်တခြမ်းပြတ်သွားတယ်၊ လက်တဖက်ပြတ်တယ်၊ တမိသားစုတည်းပေါ့။ မောင်လုပ်တဲ့သူက အောက်ပိုင်းပြတ်သွားတယ် သေသွားပြီ။ မနက် စစ်ကောင်စီက လက်နက်ကြီးနဲ့ ပတ်ခြာလည်ရမ်းပစ်လို့ မြောင့်အရှ့ဘက် ကျီကုန်းရွာ ရွာအဝင် တဲထဲနေတဲ့လင်မယား ၂ ယောက်လုံးဆုံးသွားပြီ။ စက်လေထီးကြောင့် သေတာက ၂ ယောက်၊ တယောက် ဒဏ်ရာရ၊ အိမ်မီးလောင်။ လက်နက်ကြီးနဲ့ရမ်းပစ်လို့သေသွားတာက ကျီကုန်းဘက်က လင်မယား ၂ ယောက်ပေ့ါ။ ခုလေလောဆယ်တော့ သူတို့ မြို့ထဲပြန်ဝင်တယ်။ ပြန်ထွက်လာရင်တော့ တိုက်ပွဲဖော်ဆောင်ဖို့ရှိတယ်ပေါ့” လို့ ပြောပါတယ်။

မြောင်မြို့နယ်ဟာ စစ်ကိုင်း၊ မန္တလေး၊ မကွေး တိုင်း ၃ ခု ချိတ်ဆက်နေတဲ့နယ်ဖြစ်ပြီး မြောင်မြို့နယ်မှာ စစ်ရေးတင်းမာနေတဲ့အခြေအနေကို မန္တလေးဘက်က PDF တွေက ဝင်ရောက်ကူညီဖို့ စောင့်ကြည့်နေကြပါတယ်။

မတ္တရာ PDF တပ်ဖွဲ့မှ ဦးတိုးက  “မြင်းခြံမရောက်ဘူး ကျနော်လမ်းခုလပ်မှာတစ်နေတယ်။ ဘာလို့လဲဆိုတော့ မြင်းမူ-မုံရွာလမ်းမကြီး၊ အဲ့ဒီလမ်းပိုင်းမှာ စစ်ကြောင်းအသွားအလာရှုပ်တယ်၊ မြင်းမူ အထက ၁ ဘက်ကနေပြီးတော့ ပစ္စည်းအပြည့်အစုံပါတဲ့ ဖောကား ၃ စီး မြောင်လမ်းခွဲဘက်ကို သွားတာရှိတယ်။ ဖောကား ၃ စီး အင်အား ၆၀လောက်သွားတဲ့အချိန်မှာပဲ အာလပကရွာထဲမှာ ဝပ်နေတဲ့ကောင်တွေ အိမ်စီးကား ၄ စီးနဲ့ထွက်လာတယ်။ နောက်တနေရာက မြင်းမူမြို့နယ်ပဲ မြောင်နဲ့ကပ်တယ်။ မြောင်ရဲ့အရှေ့ဘက် ကျီကုန်းရွာတို့၊ သာယာပေါင်းတို့ အဲ့ဒီဘက်ကို မြောင်မြို့ပေါ်ကနေပြီးတော့ လက်နက်ကြီးနဲ့ပစ်နေတာတွေရှိတယ်။ နောက်တနေရာက မြောင်လမ်းခွဲမှာရှိတဲ့ မြောင်အဝင် ဆည်ရွာပေါ့၊ အဲ့ဒီဘက်မှာရွာဝင်စီးတာတွေရှိတယ်။ အဲ့ဒီဘက်က လူတွေ တိမ်းရှောင်နေကြတာရှိတယ်။ ပြီးတဲ့အခါကြတော့ မြောင်မြို့ပေါ်မှာ စစ်ရေးတင်းမာနေတယ်။ နှစ်ဖက် လက်နက်ငယ်တိုက်ပွဲတော့ မဖြစ်သေးဘူး။ မြောင်မြို့ပေါ်မှာ စစ်ရေးတင်းမာတဲ့ အခါကြတော့ စစ်ကိုင်းဘက်က စစ်ကူပို့တာတွေ ရှိတယ်ပေ့ါဗျာ မြင်းမူကနေတဆင့်” လို့ ပြောပါတယ်။

မြောင်မြို့နယ်မှာ ကျောက်ရစ်ရွာ စခန်း၊ မြို့မရဲစခန်းနဲ့ မြို့တွင်းအထိုင်စခန်းတွေမှာ တပ်သားအင်အားရာနဲ့ချီအသုံးပြုပြီး စစ်ကောင်စီက ခံစစ်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

မတ် ၁၉ ရက်နေ့က မြောင်မြို့ပေါ်က စစ်ကောင်စီစခန်းတခုကို PDF တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ဒေသတွင်းကျေးရွာတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မြောင်မြို့ကို PDF တွေက တော်လှန်ရေးအစောပိုင်းကာလကတည်းက သိမ်းယူဖို့ကြိုးစားခဲ့တာ ဖြစ်ပြီး စစ်ကောင်စီက လက်မလွှတ််ဘဲ အင်အားသုံးထိန်းချုပ်ထားတာဖြစ်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013