Home
မြန်မာသတင်း
မန္တလေးနှင့်စစ်ကိုင်းတွင် စစ်မှုထမ်းခိုင်းရန် လူငယ်အပြင် လူလတ်ပိုင်းများကိုပါ ဖမ်းဆီး
DVB
·
March 21, 2025

စစ်ကောင်စီတပ်ဟာ မန္တလေးနဲ့ စစ်ကိုင်းမြို့ပေါ်မှာ လူငယ်တွေအပြင် လူလတ်ပိုင်းတွေကိုပါ လူစည်ကားချိန် နေ့ခင်းမှာတောင် လက်နက်နဲ့ ခြိမ်းခြောက်ပြီး အစုလိုက် အပြုံလိုက်ဖမ်းဆီး တာတွေပြုလုပ်နေတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်က လူစည်းကာရာဖြစ်တဲ့ ဈေးနားတဝိုက်နဲ့ ဧရာဝတီမြစ်ကူး တံတားဂိတ်မှာ ခရီးသွားပြည်သူတွေအပြင် ဒေသခံလူငယ်တွေနဲ့ လူလတ်ပိုင်းတွေကို စစ်မှု ထမ်းဖို့အတွက် စစ်ကောင်စီတပ်က အစုလိုက် အပြုံလိုက် အဓမ္မဖမ်းဆီးနေတာပါ။ အဲ့ဒီလို လုပ်ရပ်တွေကို စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးကတည်းက စပြီး ရံဖန် ရံခါ ပြုလုပ်နေတယ်လို့ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေက ဒီဗီဘီကိုပြောပါတယ်။

“စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ အသက်သွင်းခဲ့တာပါ။ အဲ့ဒီနောက် စစ်မှုထမ်းဥပဒေနဲ့ ကျေးရွာ၊ ရပ်ကွက်အလိုက် အဓမ္မလူသစ်စုဆောင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လပိုင်းက  မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်ဟာ အင်အားသုံးပြီး လက်နက်နဲ့ ခြိမ်းခြောက်ကာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ လူငယ်နဲ့ လူလတ်ပိုင်းတွေကို စစ်မှုထမ်းဥပဒေနဲ့ အဓမ္မဖမ်းဆီးတာလည်း ရှိနေတယ်။”

စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေနဲ့ အဓမ္မဖမ်းဆီးထားတဲ့သူတွေကို သူတို့ရဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ရဲစခန်းတွေမှာ ထိန်းသိမ်းထားပြီး စစ်သင်တန်းကျောင်းတွေကို ပို့လိုက်တာပါ။ 

ဖမ်းဆီးခံရသူ တချို့ကို မြန်မာငွေ သိန်းဆယ်ချီ ရာချီပေးပြီး မိသားစုတွေ ပြန်ရွေးထုတ်လို့ရတာတွေလည်းရှိပါတယ်။ အဲ့ဒီလို စစ်ကောင်စီတပ်ရဲ့ အဓမ္မဖမ်းဆီးမှုတွေကြောင့် ကျေးရွာတွေဘက်မှာ နေထိုင်ကြတဲ့ လူငယ် အမျိုးသား၊ အမျိုးသမီးတွေဟာ မြို့ဘက်ကို အသွားအလာ သိပ်မလုပ်ကြတော့ဘူးလို့ ဒေသခံတွေကဆိုပါတယ်။

စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက် စစ်ကောင်စီတပ်ဟာ နည်းလမ်းမျိုးစုံနဲ့ စုဆောင်းထားတဲ့ သောင်းချီတဲ့ စစ်သင်တန်းဆင်းလူငယ်တွေကို နိုင်ငံအနှံ့က စစ်မြေပြင်တွေကို ဖြန့်ခွဲပို့ေ ဆောင်နေတာပါ။ 

စစ်ကောင်စီတပ်ဟာ တပ်သားသစ်အဓမ္မစုဆောင်းနေသလို ရှမ်းပြည်နဲ့ ကချင်ပြည်နဲ့မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေဟာလည်း အဓမ္မလူသစ်စုဆောင်းတာတွေ ပြုလုပ်နေတယ်လို့ ဒေ သခံတွေကပြောပါတယ်။ 

ခွန်ဇော်ဦး 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013