Home
နိုင်ငံတကာ
ဂါဇာတွင် အစ္စရေးက ပထမဆုံး မြေပြင်ထိုးစစ် စတင်
DVB
·
March 20, 2025
Photo : ISRAELI MILITARY HANDOUT

ဂါဇာကမ်းမြောင်မှာ ပစ်မှတ်ထားတဲ့ မြေပြင်လှုပ်ရှားမှုတွေပါ စတင်လိုက်ပြီလို့ အစ္စရေးစစ်တပ်က မတ် ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ဟားမတ်စ်အဖွဲ့နဲ့ ၂ လကြာ အပစ်ရပ်စဲမှု ပျက်ပြားသွားခဲ့ပြီးတဲ့နောက် လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့အပြီး နောက်တရက်အကြာမှာ  မြေပြင်ထိုးစစ်ပါ ပြန်စတာ ဖြစ်ပါတယ်။

ဟားမတ်စ်အဖွဲ့ဟာ ဓားစာခံတွေလွှတ်ပေးဖို့ ထပ်တလဲလဲ ငြင်းဆန်သလို ကြားဝင်ညှိနှိုင်းသူတွေရဲ့ ကမ်းလှမ်းချက်တွေကိုလည်း ပယ်ချခဲ့တယ်လို့ အစ္စရေးက စွပ်စွဲထားပါတယ်။

တဖက်မှာလည်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ အပစ်ရပ်စဲမှုကို တဖက်သက် ဖျက်ပစ်ပြီးတော့ ဓားစာခံတွေရဲ့ ကံကြမ္မာ မရေမရာဖြစ်အောင် လုပ်တယ်လို့ ဟားမတ်စ်ဘက်က တန်ပြန်စွပ်စွဲပါတယ်။

အစ္စရေးတပ်တွေဟာ လုံခြုံရေးဇုန်ကို ချဲ့ထွင်ဖို့နဲ့ ဂါဇာမြောက်ပိုင်းနဲ့ တောင်ပိုင်းကြားမှာ ကြားခံဇုန်တခု ဖန်တီးဖို့အတွက် ဂါဇာကမ်းမြောင် အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ ပစ်မှတ်ထားတဲ့ မြေပြင်လှုပ်ရှားမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ထုတ်ပြန်ပါတယ်။

မြေပြင်လှုပ်ရှားမှု တစိတ်တဒေသအဖြစ် နတ်ဇာရင်မ်စင်္ကြံ အလယ်ပိုင်းအထိ ထိန်းချုပ်မှု တိုးချဲ့ထားတယ်လို့ပါ ထုတ်ပြန်ပါတယ်။

ဒီထိုးစစ်ဟာ အပစ်အခတ်ရပ်စဲရေးအပေါ် အသစ်တဖန်၊ အန္တရာယ်ကြီးမားတဲ့ ချိုးဖောက်မှုပဲလို့ ဟားမတ်စ်က ဝေဖန်ပါတယ်။

ဟားမတ်စ်ဘက်ကတော့ ဇန်နဝါရီလအတွင်း လက်မှတ်ထိုးထားတဲ့ အပစ်ရပ် သဘောတူညီချက် အပေါ် ကတိကဝတ် ဆက်ထားနေတုန်းပဲလို့ မတ် ၁၉ ရက်က ထုတ်ပြန်ပါတယ်။

မတ် ၁၉ ရက် တနေ့တည်းမှာတင် အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာတလွှားမှာ လူ ၇၀ သေဆုံးခဲ့တယ်လို့ ဂါဇာအရပ်ဘက်ကာကွယ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ပြန်ပါတယ်။

အစ္စရေးက လူသားချင်းစာနာမှု အကူအညီတွေ ဝင်ရောက်ခွင့် ၃ ပတ်နီးပါး ပိတ်ထားတာကြောင့် မူလကတည်းက ဆိုးရွားနေတဲ့ အခြေအနေတွေ ပိုဆိုးလာပြီး အငတ်ဘေး ဆိုက်တော့မယ်လို့လည်း အရပ်ဘက်ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အင်္ဂါနေ့က ဂါဇာမှာ အစ္စရေးဗုံးကြဲမှုကြောင့် လူ ၄၀၀ ကျော် သေဆုံးတယ်လို့ ဂါဇာကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

အစ္စရေးဓားစာခံတွေ ပြန်မလွှတ်ရင်၊ ဟားမတ်စ်က ဂါဇာကမ်းမြောင်ကို ဆက်အုပ်ချုပ်နေရင် ဂါဇာဒေသခံတွေပါ တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က သတိပေးထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013