Home
မြန်မာသတင်း
စစ်ကောင်စီတပ်က ကလေးစစ်သား ၉၀ ကျော်ကို မိဘများထံ ပြန်အပ်
DVB
·
March 20, 2025

စစ်အင်အား အလွန်အကျွံစုဆောင်းနေတဲ့ စစ်ကောင်စီတပ်အနေနဲ့ ကလေးစစ်သား ၉၃ ယောက်ကို မတ်လ ၁၉ ရက်က လှိုင်မြို့နယ် စစ်ကြောရေးနဲ့ တည်းခိုရေးတပ်မှာ မိဘအုပ်ထိန်းသူတွေဆီ ပြန်လွှဲပေးခဲ့ပါတယ်။

မနေ့မနက်က တွဲဖက်စစ်ရေးချုပ် ဗိုလ်မှုးချုပ်ရဲရင့်ဝင်းက စစ်တပ်၊ ဌာနဆိုင်ရာနဲ့ UNRCO၊ UNICEF ၊ UNHCR ၊ ILO ရှေ့မှာ ကလေးစစ်သား ၉၃ ယောက်ကို မိဘအုပ်ထိန်းသူတွေဆီ ပြန်လွှဲပေးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ဖေဖော်ဝါရီလထဲမှာ ကလေးစစ်သားတွေ မိဘတွေ ပြန်လွှဲပေးမယ် ပြောပြီး မလွှဲပေးလို့ CTFMR က အစီရင်ခံစာထပ်တင်မှ ပြန်လွှဲပေးတာ။ ဒါတောင် မိဘ မလာလို့ စစ်ကြောရေးမှာ သောင်တင်နေတဲ့ ကလေးစစ်သားတွေ ရှိတယ်။”

မိဘတွေနဲ့ အဆက်အသွယ်မရသေးတဲ့ ကလေးစစ်သားတွေအနေနဲ့ စစ်ကြောရေးမှာ ဆက်နေရပြီး အလုပ် လုပ်ကိုင်ကာ အိမ်ပြန်စရိတ်နဲ့ စားစရိတ်အတွက် ရှာရတယ်လို့ အဲဒီပွဲကို တက်ခဲ့သူ တယောက်က ပြောပါတယ်။

“၉၃ ယောက်ဆိုတာ ရန်ကုန် တနေရာတည်း မဟုတ်ဘူး။ တပ်ရင်း တပ်ဖွဲ့ပေါင်းစုံမှာ ရောက်နေတဲ့ ရောက်နေတဲ့ ကလေးစစ်သားတွေ မိဘဆီ ပြန်အပ်တယ် ဆိုပေမယ့် မိဘ မလာတဲ့ ကလေးတွေကျတော့ စစ်ကြောရေးမှာ ဆက်ထားပြီး အလုပ်လုပ်၊ ကိုယ့်စရိတ်ကိုယ်ရှာပြီး ပြန်ရတာ။”

၂၀၂၃ ခုနှစ် ဇွန် ၁၃ ရက်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အစီရင်ခံစာမှာ “စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက အရွယ်မရောက်သေးတဲ့ ကလေးငယ် ၁၁၀၂ ယောက်ကို စစ်သားအဖြစ် စုဆောင်းခဲ့တယ်" လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၀ အတွင်း ကလေးစစ်သား ၉၈၄ ယောက် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ အတွင်း ၈၃ ယောက် ၂၀၂၅ ခုနှစ် မတ် ၁၉ ရက်မှာ ၉၃ ယောက်စုစုပေါင်း ၁၁၄၀ ယောက်အထိ မိဘအုပ်ထိန်းသူတွေဆီ ပြန်လွဲပေးခဲ့ပါတယ်။

အာဏာသိမ်းပြီး ၂၀၂၁ ကနေ ၂၀၂၅ အတွင်း စစ်ကောင်စီတပ်က ပြန်လွှတ်တဲ့ ကလေးစစ်သားစာရင်းမှာ ၁၇၆ ယောက်သာရှိပြီး ၁၁၄၀ စာရင်းမှာ အရင်အစိုးရလက်ထက်က ပြန်လွှတ်ခဲ့တဲ့ ၉၈၄ ယောက်စာရင်းကို ထည့်ပေါင်းတာလို့ ဝေဖန် ထောက်ပြသူတွေလည်း ရှိပါတယ်။

စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်အနေနဲ့ လက်ရှိကာလမှာလည်း စစ်မှုထမ်းဥပဒေနဲ့ အဓမ္မပေါ်တာဆွဲ ဖမ်းဆီးစုဆောင်းနေတဲ့ အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတွေ ပါဝင်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013