
လီဗာပူးအသင်းအနေနဲ့ လာမယ့်ဘောလုံးရာသီမှာ ကစားသမားသစ် ၆ ယောက်လောက် ခေါ်ယူဖို့ လိုအပ်ကြောင်း အင်္ဂလန်နောက်ခံလူဟောင်း ဂျေမီကာရေဂါက အကြံပြုပြောသွားပါတယ်။
လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့တပတ်အတွင်း ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရသလို ကာရာဘောင်ဖလားဗိုလ်လုပွဲမှာလည်း နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တာပါ။
နည်းပြစလော့ဟာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၂ ပွဲကြားမှာ ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ လူစာရင်း အပြောင်းအလဲမလုပ်ဘဲ ကစားခဲ့ကြောင်း၊ လာမယ့်ရာသီမှာတော့ ပြိုင်ပွဲတွေ အများကြီးကြားမှာ လူအင်အားတောင့်တင်းဖို့ ကစားသမားခေါ်ယူမှု လိုအပ်ကြောင်း ကာရေဂါက ပြောပါတယ်။
ဗဟိုခံစစ်ပိုင်းအတွက် အရန်ခံစစ်မှူးတယောက် လိုအပ်သလို ညာနောက်ခံလူနေရာအတွက်လည်း လိုအပ်ကြောင်း၊ ကွင်းလယ်ခံစစ်က အန်ဒိုရဲ့ နေရာအတွက်လည်း ငယ်ရွယ်တဲ့ ကစားသမား ခေါ်ယူဖို့ လိုအပ်ကြောင်း ကာရေဂါက အကြံပြုပါတယ်။
ဘယ်တောင်ပံနဲ့ တိုက်စစ်မှူးနေရာတွေမှာ ကစားနိုင်တဲ့ ကစားသမားတယောက်လည်း ခေါ်ယူဖို့ လိုအပ်တာကြောင့် ကစားသမား ၅ ယောက်ကနေ ၆ ယောက်အထိ အင်အားဖြည့်တင်းဖို့ လိုအပ်ကြောင်း ကာရေဂါက တိုက်တွန်းသွားပါတယ်။