Home
မြန်မာသတင်း
စဥ့်ကူးမြို့နယ်ကို စစ်ကောင်စီတပ်က ထပ်မံဗုံးကြဲ၊ ပြည်သူ ၃ ဦး သေဆုံး၊ ၆ ဦး ခန့် ဒဏ်ရာရ
DVB
·
March 18, 2025

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက လက်ပံလှကျေးရွာအနီးကို စစ်ကောင်စီတပ်က မတ် ၁၇ ရက် ညဦးပိုင်း ၇ နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ဒေသခံပြည်သူ ၃ ယောက် သေဆုံးခဲ့သလို ၆ ယောက်ထက်မနည်းလည်း ဒဏ်ရာရရှိခဲ့ကြတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

စစ်ဘေးရှောင်တွေကိုကူညီဆောင်ရွက်ပေးနေတဲ့ ရောင်နီနွေဦးအဖွဲ့ရဲ့ တာဝန်ခံတယောက်က “အရင်ရက်က ဗုံးကြဲခံခဲ့ရတဲ့ လက်ပံလှရွာက သင်ဇာဆန်စက်ရဲ့ အရှေ့မြောက်ဘက် ပင်လယ်ကြီးရွာနားက ချောင်းရိုးထဲကို ဂျက်ဖိုက်တာနဲ့ ဗုံး ၁ လုံးကြဲသွားတာပါ။ ရွာထဲကို ဗုံးကြဲခံရလို့ ထွက်ပြေးလာနေတဲ့ စစ်ဘေးရှောင်တွေထဲက အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ပေါင်း ၃ ယောက် ဆုံးသွားပါတယ်။ ၆ ယောက်လောက်လည်း ထိခိုက်ဒဏ်ရာတွေ ရထားပါတယ်” လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲမှာ စိုးရိမ်ရသူတွေပါနေတဲ့အတွက်လည်း အရေးပေါ် ဆေးကုသမှုတွေ ဆောင်ရွက်ပေးနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

စဥ့်ကူးမြို့နယ်ထဲက မိုးကုတ်-မန္တလေးကားလမ်းဘေးမှာရှိတဲ့ လက်ပံလှကျေးရွာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်ရဲ့ တံတားဦးလေတပ်စခန်းက တက်လာတဲ့ YAK 130 ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၄ လသားကလေးငယ် တယောက် အပါအဝင် ကလေးငယ် ၆ ယောက်နဲ့ ပြည်သူ ၂၀ ကျော် သေဆုံးခဲ့ရပြီး ၄၀ နီးပါးဒဏ်ရာရရှိခဲ့ကြကာ လူနေအိမ် ၂ လုံးထက်မနည်း မီးလောင် ပျက်စီးခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

စဥ့်ကူးမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ဗိုလ်သံမဏိက “ကြားထဲမှာ ၂ ရက်ပဲခြားပြီး ဗုံးထပ်ကြဲသွားတာပါ။ အခုဗုံးကြဲခံရတဲ့ လက်ပံလှရွာဆိုတာ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေ​ဖြစ်ပေမဲ့ သူတို့စစ်တပ်က ကြွက်မနိုင် ကျီမီးနဲ့ ရှို့ဆိုသလို ပြည်သူကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်နေတာ ဖြစ်တယ်။ သူတို့ ဗုံးကြဲလို့ တကယ်ခံရတာက ပြည်သူတွေ ဖြစ်လို့ စစ်တပ်ဟာ ပြည်သူအပေါ်မှာ အကြမ်းဖက်လုပ်ရပ်တွေ နေ့စဥ်ပြုလုပ်နေပြီးတော့ စစ်ရာဇဝတ်မှုတွေ တောက်လျှောက် ကျူးလွန်နေတာဖြစ်တယ်လို့ပဲ ပြောချင်တယ်”လို့ DVB ကို ပြောပါတယ်။

မတ် ၄ ရက်ကလည်း အဆိုပါ လက်ပံလှကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ ပြည်သူ ၂ ယောက် သေဆုံးခဲ့သလို အများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါသေးတယ်။

စစ်ကောင်စီတပ်ရဲ့ ပြည်သူအပေါ် ပစ်မှတ်ထားပြီး လေကြောင်းကနေတိုက်ခိုက်နေတဲ့ ကျူးလွန်မှုတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ အစွမ်းကုန်တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မတ် ၁၆ ရက်မှာ ထုတ်ပြန် ထားပါတယ်။

Photo:  ရောင်နီနွေဦးအဖွဲ့

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013