Home
မြန်မာသတင်း
သပိတ်ကျင်းတွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် နယ်မြေထိန်းချုပ်နိုင်ရန် ကြိုးစား
DVB
·
March 17, 2025

မန္တလေးတိုင်း၊ သပိတ်ကျင်းနယ်မှာ အဖိုးတန်သတ္တုတွေ ထွက်တာကြောင့် စစ်ကောင်စီက တပ်သားအင်အား ၈၀၀ ကျော် အသုံးပြုပြီး နယ်မြေဆက်ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ 

သပိတ်ကျင်းမြို့နယ် ၇ မိုင်နဲ့ တွင်းငယ်ရွာဝန်းကျင်မှာ စစ်ကောင်စီက တပ်သားအင်အား ၈၀၀ နဲ့ ၁,၀၀၀ အကြား အသုံးပြုပြီး နယ်မြေထိန်းချုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ PDF ပူးပေါင်းအဖွဲ့တွေက တပ်စခန်း ၈ ခုအထိ သိမ်းယူခဲ့ပေမဲ့ ၂၀၂၄ စက်တင်ဘာအလွန်မှာတော့ စစ်ကောင်စီက ပြန်လည်ဖိအားပေး နယ်မြေထိန်းချုပ်ထားတာပါ။

သပိတ်ကျင်းနယ်ထဲမှာ စစ်ကောင်စီထိန်းချုပ်နယ်မြေနဲ့ PDF ထိန်းချုပ်နယ်မြေတို့ နှစ်ခြမ်းကွဲနေပြီး မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

သပိတ်ကျင်းဒေသခံတယောက်က “လက်ရှိ သူတို့ဘက်ကလည်း မိုးကုတ်ဘက်ကတို့၊ မိုးမိတ်ဘက်ကတို့၊ ဒီဘက်က ချောင်းကြီးဘက်ကတို့၊ ရွှေတောဘက်က ဆုတ်သွားတဲ့ အင်အားတွေ အကုန်လုံးက အဲဒီထဲမှာ ရောက်နေတာ။ ၇ မိုင်နဲ့ တွင်းငယ်ဘက်ကို ရောက်နေတာ၊ အဲဒီမှာ စုထားတာ သူတို့က။ ကျနော်တို့ကတော့ ၈၀၀ နဲ့ ၁,၀၀၀ ကြားလို့ သူတို့ကို မှန်းထားတာပဲလေ။ အဲဒီတော့ ၇ မိုင်ပြည်သူက ဘယ်သူမှမထွက်ဘူး၊ သူတို့နဲ့ပေါင်းနေတာ” လို့ ပြောပါတယ်။

သပိတ်ကျင်းနယ် ၇ မိုင်ရဲ့မြောက်ဘက် အုန်းနှဲကူး၊ တွင်းငယ်၊ ကျောက်ကြီး၊ တတက ၁၃ စတဲ့နေရာတွေမှာ နေ့စဉ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး မြေပြင်သတင်းရယူဖို့အတွက် အခက်အခဲတွေ ရှိနေပါတယ်။

သပိတ်ကျင်းနယ်မှာ နျူးကလီးယား ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ယူရေနီယမ်နဲ့ မြေရှားသတ္တုတွေ ထွက်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပြီး စစ်ကောင်စီက အင်အားအများအပြားသုံးကာ ဆက်လက်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာပါ။

မတ္တရာ PDF တာဝန်ရှိသူ ဦးတိုးက “အဲဒီမှာ တတက ၁၃ ဆိုတာရှိတယ်။ တပ်မတော်တန်းမြင့် ပညာသင်ကျောင်းပေါ့။ အဲဒါက တွင်းငယ်ရဲ့ အရှေ့တောင်ဘက် ၂ မိုင်ခွဲ ၃ မိုင် အကွာအဝေးမှာ ရှိတယ်။ တတက ၁၃ ရဲ့ အရှေ့တောင်ဘက်ပဲကျမယ်၊ အဲဒီမှာ ကျောက်ကြီးရွာ ဆိုတာရှိတယ်။ အဲဒီ ကျောက်ကြီးရွာရဲ့ တောင်ဘက်မှာ နည်းပညာတပ် ဆိုတာရှိတယ်။ အဲဒီမှာ ယူရေနီယမ် ထွက်တယ်၊ မြေရှားထွက်တယ်ဗျာ။ မိုင်အားဖြင့် မဝေးဘူး။ အဲဒီကနေ အနောက်တောင်ဘက်ကို ဆင်းလိုက်ရင် ၇ မိုင်ရှိမယ်။ ပြီးရင် သူတို့ ခုတင် ၁၀၀ ဆေးရုံရှိမယ်။ အဲဒီနေရာတွေမှာ သူတို့ရှိမယ်။ သယ်တာတွေ ဘယ်လိုလုပ်လဲဆိုတော့ စမ္ပနဂိုက သူတို့သိမ်းထားတာလေ၊ စမ္ပနဂိုက ဧရာဝတီမြစ်ဘေးမှာပဲ။ အဲဒီလမ်းကြောင်းတွေတော့ ရှိတာပေါ့၊ အဲဒီလိုပဲ ယူဆလို့ရတာပေါ့၊ အတိအကျတော့ မြင်တာတော့မရှိဘူး” လို့ ပြောပါတယ်။

မန္တလေးတိုင်းထဲမှာ စဉ့်ကူးမြို့နဲ့ မြို့နယ်ထဲက စစ်ကောင်စီစခန်းအားလုံးကို ဇူလိုင်လထဲမှာ တော်လှန်ရေးအင်အားစုတွေက သိမ်းယူခဲ့ပြီး သပိတ်ကျင်းမြို့နယ်မှာ တပ်စခန်း ၈ ခု၊ မတ္တရာမြို့နယ်ထဲမှာ တပ်စခန်း ၃၅ ခုအထိ သိမ်းယူထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးရဲ့ မှတ်တမ်းတွေက ဖော်ပြပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ ရှမ်း-မန်းနယ်စပ် မိုးမိတ်၊ မိုးကုတ်နဲ့ နောင်ချို့မြို့တွေကိုလည်း မြောက်ပိုင်းမဟာမိတ်တွေရဲ့ အကူအညီနဲ့ ဒေသခံ တော်လှန်ရေးအင်အားစုတွေက သိမ်းယူထားပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013