
၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းပြီးနောက် တအိအိပြိုဆင်းလာသော စစ်ရေးအခြေအနေကို ကာမိရန် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်ပြန်သွင်းပြီး ၂၀၂၄ ဖေဖော်ဝါရီတွင် စတင် အာဏာတည် ကျင့်သုံးလိုက်သည်။ ထို့နောက် မဆိုင်းမတွပင် စစ်မှုထမ်း အပတ်စဉ်သင်တန်းများ ဖွင့်လှစ်ကာ လူအင်အား အတင်းအကျပ်စုဆောင်းတော့သည်။ ဤသို့ဖြင့် လူငယ်များ ပေါ်တာဆွဲခံရသည့် ဘဝသို့ ရောက်ကြရတော့သည်။
ယခုနောက်ပိုင်း ရှေ့တန်းတိုက်ပွဲများတွင် ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများတွင် အတင်းအကျပ်စုဆောင်းခံရသော လူငယ်များကို တွေ့မြင်လာရသည်။ အချို့ကလည်း ဖမ်းဆီးခံရသည့်အဆင့်ကို မရောက်ရှိတော့ဘဲ ရှေ့တန်းနေရာမှာပင် သေဆုံးသွားကြတော့သည်။ ဤသို့ ဖမ်းဆီးခံလူငယ်များ၏ သတင်းပုံများ ဆိုရှယ်မီဒီယာများပေါ်တွင် တက်လာတိုင်း သဘာဝအလျောက် မှတ်ချက်အမျိုးမျိုးပေးကြသည်။ လွန်ခဲ့သည့် လပိုင်းက ကရင်နီပြည်နယ်၏ ရှေ့တန်းတနေရာတွင် ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများအနက် မန္တလေးမြို့ပေါ်က ဝပ်ရှော့ဆရာဆိုသူတယောက် ပါလာသည်။ ထိုပုံများကို သူ့မိသားစုဝင်များက လိုင်းပေါ်တွင် တွေ့ရှိပြီးနောက် သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများ၊ သတင်းမီဒီယာများကို အသိပေး အကြောင်းကြားကာ သတ်မပစ်ဖို့၊ ကောင်းကောင်းမွန်မွန်ထားဖို့ မေတ္တာရပ်ခံခဲ့ကြပါသည်။ စင်စစ်တော့ ထိုလူမှာ မိသားစုကို လုပ်ကျွေးနေသူ၊ သမီးလေးတယောက်ရှိသူ၊ အပြင်သွားချိန်တွင် စစ်ကောင်စီတပ်၏ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသူ၊ ထို့နောက် မိသားစုနှင့် လုံးလုံး အဆက်အသွယ်မရတော့။ ယခုမှ သတင်းဓာတ်ပုံများက တဆင့် မိသားစုကစုံစမ်း သိရှိလာကြရခြင်းဖြစ်သည်။ ဝမ်းနည်းကြေကွဲဖို့ကောင်းလှသည်။ ထိုကဲ့သို့ ကြေကွဲဖွယ်ဇ ဇာတ်လမ်းများကား ထိုတပုဒ်တည်းမဟုတ်။ တိုင်းနဲ့ ပြည်နယ်အသီးသီး၏ ဇာတ်လမ်းများလည်း ဖြစ်နေတော့သည်။
ထိုကဲ့သို့ ဖမ်းဆီးခံ သတင်းများအောက်တွင် တချို့ကလည်း စုတ်သပ်သနားကြ၊ တချို့ကလည်း ဝေဖန်ပိုင်းခြားပြကြသလို တချို့ကလည်း ပစ်ပစ်ခါခါ နစ်နစ်နာနာပင် ပြောကြတတ်သေးပါသည်။ "ခံပေါ့ ၊ သေပေါ့၊ မြို့ပေါ်ကရေပေါ်ဆီတွေ၊" စသဖြင့်။
ဤနေရာတွင် အမြင်အမျိုးမျိုးရှိနိုင်သည်မို့ ထိုထင်မြင်ချက်များကို မဆွေးနွေးလိုသော်လည်း ရေပေါ်ဆီဆိုသည့်ကိစ္စကိုတော့ ဆွေးနွေးချင်ပါသည်။ ရေပေါ်ဆီဆိုသည့် စကားလုံး ဘယ်က ဘယ်လို ဘယ်အချိန်က ပျံ့နှံ့လာသနည်း။
၂၀၂၁ နှစ်ဝက်ကျော် ၂၀၂၂ အစလောက်က စတင်ခဲ့ဟန်ရှိသည်။ တတိုင်းပြည်လုံး ပူဆွေးသောက ရောက်နေချိန်၊ လူငယ်တွေ တောခိုသွားကြချိန်တွင် အလုပ်အကိုင်မပျက် ပျော်မြဲ၊ ပါးမြဲ၊ သွားမြဲ၊ လာမြဲ လူများကို ရည်ရွယ်ကာ ခေါ်ညွှန်းခဲ့ဟန် တူပေသည်။
မှန်ပါသည်။ ထိုစဉ်ကတည်းက ဘယ်သူသေသေ၊ ငတေမာပြီးရောဆိုသူတွေ၊ ငါတို့ဘဝ ငါတို့ကမ္ဘာ လှပနေရင်ပြီးရော ဆိုသူတွေ ရှိခဲ့ပါသည်။ ထိုသူတို့မှာ ဘားသွားလိုက်၊ ကလပ်တက်လိုက်၊ ဘုရားသွား ကျောင်းတက်လိုက်၊ ပြီးရင် ဓာတ်ပုံရိုက် လိုင်းပေါ်တင်လိုက်နဲ့ နေသာသလိုနေကြသည်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာဘယ်နှရွာပျက်စီးသွားတာ သူတို့မသိ။ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် လူဘယ်နှထောင်သေသွားတာ သူတို့မသိ။ အိုးမဲ့အိမ်မဲ့၊ စားသောက်မဲ့ဘဝဖြစ်ကာ စစ်ပြေးဒုက္ခသည် သန်းချီရှိလာတာ သူတို့စိတ်မဝင်စား။ သိဖို့လည်းမလို။ သိလည်းမသိချင်။ သူတို့အတွက်က အနေအစားချောင် ပျော်ရကဲရ၊ ယွရထရလျှင် ကျေနပ် လုံလောက်ပြီဖြစ်သည်။ ထိုသူတွေကား မြို့တွေပေါ်တွင်ရှိပါသည်။ အထူးသဖြင့် မြို့ကြီးပြကြီးလို နေရာများတွင် ဧကန်စင်စစ်ရှိပါသည်။ သို့သော်…
သို့သော် ...ထိုကဲ့သို့ လူတန်းစားမှာ လူနည်းစုဖြစ်သည်ကို အလေးအနက်သတိပြုမိဖို့လိုပါမည်။ ကျန်သည့် လူအများစု အထူးသဖြင့် လူငယ်အများစုမှာ ထိုလူတန်းစားများတွင် မပါဝင်သည်ကို သေသေချာချာဆန်းစစ်ကြည့်ဖို့လိုပါမည်။ အကောင်းဆုံးစစ်ဆေးနည်းက သင့်ဘေးပတ်ဝန်းကျင်က လူငယ်များ၊ သင်တို့မြို့ကလူငယ်များကို အကဲခတ်ကြည့်ခြင်းဖြစ်သည်။
ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာခြင်း၊ အလုပ်အကိုင် ရှားပါးလာခြင်း၊ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်းတို့ကြောင့် ထိုလူငယ်အများစုမှာ အများပြည်သူနည်းတူ ဒုက္ခပင်လယ်ဝေနေကြသူများ ဖြစ်နေကြသည်။ မိသားစုအတွက်၊ ညီအစ်ကိုမောင်နှမအတွက်၊ မိအိုဖအိုအတွက် ဘဝရှင်သန် ရပ်တည်ရေးကို ကြိုးစားရုန်းကန်နေကြရသူများ ဖြစ်သည်။ ရိုးရိုး ရုန်းကန်နေကြရသူများ မဟုတ်။ အချိန်မရွေး အဖမ်းခံရနိုင်သည့် အခြေအနေတွင် စွန့်စွန့်စားစားရုန်းကန်နေရသူများ ဖြစ်သည်။ ထိုသူတို့ အပြင်ထွက်လိုက်လျှင် အဖမ်းခံရရန် ၅၀ ရာခိုင်နှုန်း သေချာနေသည်ကို မြို့ပြနေ မည်သူမဆို သိကြသည်။ နေ့တွင် ကြောက်ရလန့်ရသလို ညဆိုလျှင်လည်း ပေါ်တာဆွဲ အဖမ်းခံရသူတွေမှာ မနည်းမနော။ ဒီလို ခေတ်ဆိုးစနစ်ဆိုးကြား မြို့ပြမှာ ရုန်းကန် ရှင်သန်နေရသူများ ဖြစ်ပါသည်။ အချို့က အသီးရောင်း၊ တချို့က ဖုန်းဆိုင်တွင် ဝင်လုပ်၊ အချို့က စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ အချို့က စာသင်၊ စသဖြင့် ဇာတ်လမ်းအမျိုးမျိုး။ ထိုမျှမက သူတို့တတွေမှာ တဘက်က စားဝတ်နေရင်းအတွက် ရုန်းကန်ရင်းလုံခြုံရေးအတွက် စိတ်ပူနေရသည့်တိုင် အခြားတဘက်တွင်မူ မိမိတို့နိုင်ရာဝန်ကိုထမ်းရင်း တ်ောလှန်ရေးကို အားဖြည့်နေကြသူများလည်း ရှိနေသေးသည်။ သေချာသည်မှာ ထိုလူငယ်အများစုသည် CDM လုပ်ထားကြသူများ ဖြစ်သည်။ ထိုလူငယ်များကို ရေပေါ်ဆီဟု ခေါ်သည်မှာ ခေါ်ထိုက်ပါသလော။
ဒုတိယပြဿနာမှာ ဝေါဟာရ ပြဿနာ ဖြစ်သည်။ မြန်မာပြည်တွင် ဆရာ့ဆရာ ဆရာကြီး ဆိုသူများက ဆရာလုပ်ချင်သည့်ဇောဖြင့် စကားလုံးများကို ထင်သလို ဗုံးပေါလအော သုံးစွဲကာ ထင်တိုင်းကြဲ တံဆိပ်ကပ်၊ လိုသလို အနက်ကောက်ယူသည့်ကိစ္စ ဖြစ်သည်။ ထာဝရဘုရား ရှိကြောင်း မယုံကြည်သူဟု အနက်ထွက်သည့် Atheist ဆိုသည့်စကားလုံးကို ဘာသာမဲ့ ဆိုပြီး ပြန်ချင်ပြန်ကြသည်။ ထိုနည်းတူ မတရားသဖြင့် သိမ်းထားသည့် မြို့ကို ကိုယ့်တော်လှန်ရေးဘက်တ်ောသားတွေက ပြန်လည်သိမ်းယူနိုင်ခြင်းကိုလည်း sold out ဟု ခေါ်ကြသည်။ sold out ဆိုသည်မှာ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတွေကို ဝယ်ယူသူတွေက ဝယ်ယူသွားပြီဖြစ်သည့်အတွက် နောက်ထပ် ဘာမှမကျန်တော့ဟု ဆိုသည့် အဓိပ္ပာယ်ဖြစ်ပါသည်။
အခုလည်း လာပြန်ပြီ လာပြန်ပြီ။ ရေပေါ်ဆီ။ ဘာလဲ ရေပေါ်ဆီ။ မြန်မာအဘိဓာန်ကို ကောက်လှန်ကြည့်ပါ။ ရေပေါ်ဆီကို ဘယ်လို အဓိပ္ပာယ်ပေးထားပါသလဲ စူးစမ်းကြည့်ပါ။ မြန်မာအဘိဓာန်ဖွင့်ဆိုချက်အရ။ ရေပေါ်ဆီ ဆိုသည်မှာ အရည်အချင်းအစစ်အမှန်မရှိသူဟု အဓိပ္ပာယ်ထွက်သည်။ ဒါဆို အင်္ဂလိပ်စကားလုံး elite ကို ပြောချင်တာလား။ (eliteကို တချို့ဆရာကြီးတွေက ရေပေါ်ဆီဟု ဘာသာပြန်ခဲ့ဖူးသောကြောင့် ဖြစ်သည်။) အဲ့သည် elite ဆိုသည်မှာလည်း လူ့အဖွဲ့အစည်းအတွင်း တခြားသူတွေထက် ဓနဥစ္စာပိုင်း၊ ပညာပိုင်း၊ အာဏာပိုင်း၊ သြဇာပိုင်း သာလွန်သည့် လူအုပ်စုတခုကို ဆိုလိုသည်။
ဒီတော့ ဒီအချက်တွေကို ထောက်ရှုပြီး မြို့ပြမှာနေနေသူ၊ ဘဝရပ်တည်ရုန်းကန်ရေးအတွက် အဆင်မပြေမှု အမျိုးမျိုးကြားက လူငယ်အများစုကို ရေပေါ်ဆီဟု ခေါ်သည်မှာ ထိုက်ပါရဲ့လော။ သင့်ပတ်ဝန်းကျင်က၊ သင့်မြို့က လူငယ်အများစုကို နှိုင်းယှဉ်ကြည့်ပါလေ။
"သမိုင်းဆိုတာ သင်ခန်းစာ"
၁၉၇၅ မှ ၁၉၇၉ ခုနှစ်အတွင်း ကမ္ဘောဒီးယားတွင် ပိုလ်ပေါ့ ဦးဆောင်သော ခမာနီအစိုးရ တက်လာခဲ့သည်။ ထိုစဉ်ကာလအတွင်း လယ်ယာစိုက်ပျိုးရေး အခြေခံသော ကွန်မြူနစ် လူ့အဖွဲ့အစည်းတခု ထူထောင်ဖို့ ကြိုးပမ်းခဲ့ကြသည်။ သို့အားလျော်စွာ မြို့ပြနေလူဦးရေများကို ကျေးလက်များသို့ အတင်းအကျပ်ရွှေ့ပြောင်းစေကာ စုပေါင်းလယ်ယာများတွင် အလုပ်သမားများ အတင်းအဓမ္မပြောင်းလဲစေခဲ့သည်။ အထူးသဖြင့် ဖနွမ်းပင်မြို့ မှလာသော မြို့နေလူတန်းစားများကို ကျေးလက်ဒေသများသို့ ပို့လိုက်ရုံမက အကျင့်ပျက် ခြစားသူများ၊ အရင်းရှင်ပေါက်စများဟု သမုတ်ကာ သိသိသာသာ ခွဲခြားဆက်ဆံခဲ့ကြသည်။ ဒါ့အပြင် ဒီကောင်တွေက အရင်အစိုးရ၊ အုပ်ချုပ်သူတွေရဲ့ မြို့ တွေမှာ နေထိုင်ခဲ့သူတွေ၊ အရင်အစိုးရရဲ့ ယန္တရားအသီးသီးမှာ ပါဝင်ခဲ့သူတွေ၊ အရင်အစိုးရနဲ့ ဆက်ဆံခဲ့သူတွေဟုဆိုကာ ရက်ရက်စက်စက် ပြုမူခဲ့ကြ၊ သတ်ဖြတ်ခဲ့ကြသည်။ မျက်မှန်တပ်ထားသူများ၊ ပရော်ဖက်ရှင်နယ်ပညာရှင်များ ဆိုလျှင်လည်း အထူးပစ်မှတ်ထား အရေးယူခံခဲ့ကြရသည်။ ဖောက်ပြန်ရေးသမား တံဆိပ်ကပ်ခံရကာ လက်စဖျောက်ခံရသော ပညာတတ်၊ ပညာရှင်တွေ မနည်းမနောရှိခဲ့သည်။ အစာရေစာ၊ အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှု ချို့တဲ့တာတွေကြောင့် သေဆုံးကြသူတွေကလည်း မနည်းမနောပင်။
ခမာနီတွေကတော့ ထိုသူတွေကို ရေပေါ်ဆီလို့ မသုံးနှုန်း။ Nuea ခေါ် လူသစ်များဟု ခေါ်ကြသည်။ လူသစ် ဆိုသူတွေမှာ တော်လှန်ရေးရဲ့ရန်သူတွေဟု ခမာနီတွေက ခံယူသည်။ ကျေးလက်အခြေပြု လယ်ယာလူ့အဖွဲ့အစည်း တည်ထောင်မည့် ခမာနီအစိုးရအတွက် ခြိမ်းခြောက်မှုတရပ်အဖြစ် ရှုမြင်ခဲ့ကြပေသည်။
ဤကဲ့သို့ ကမ္ဘာ့သမိုင်း တနေရာတွင် ဖြစ်ပျက်ခဲ့သည်တို့ကို သင်ခန်းစာယူဖို့လိုသည်။ အထူးသဖြင့် လက်နက်ကိုင်ပြီး တော်လှန်နေသော တော်လှန်ရေးအဖွဲ့များက ပိုလို့ပင် သတိပြုရပေမည်။ စစ်ကောင်စီ၏ အတင်းအဓမ္မစုဆောင်းနေမှုကြောင့် ရှေ့တန်းပါလာသော လူငယ်များကို တိုက်ပွဲတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် တိုက်ခိုက်ရမည်ဆိုသည်ကို နားလည်လက်ခံပါသည်။ ပြီးလျှင် စစ်ဥပဒေ၊ စစ်စည်းကမ်းမျှနှင့်အညီ စီရင်ဆောင်ရွက်ရပါမည်။ သို့သော် အခြေအနေပေးသည်နှင့် တပြိုင်နက် ထိုလိုလူများ ဘာကြောင့် ယခုကဲ့သို ဖြစ်လာသည်ဆိုသည်ကို သတိချပ်မိဖို့ လိုသည်။ အမြော်အမြင်ရှိရှိ ဆောင်ရွက်ဖို့လိုသည်။ အရေးကြီးဆုံးကတော့ မြို့ပြတွင် နေသူတိုင်း ရေပေါ်ဆီဟု သတ်မှတ်ကာ မျက်မှန်စိမ်းကြီး တပ်ပြီး မကြည့်ကြရန် အထူး လိုအပ်ပါသည်။