
ဒဏ်ရာကနေပြန်လည်ကောင်းမွန်လာတဲ့ ဆာကာကို အသင်းလိုက်လေ့ကျင့်မှုတွေစတင်နိုင်ဖို့ နည်းပြအာတေတာက မျှော်လင့်နေပါတယ်။
အင်္ဂလန်တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၁ ရက်က ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့လို့ ခွဲစိတ်ကုသမူခံယူခဲ့ရပြီး ၃ လကြာ အနားယူခဲ့ရတာပါ။
လက်ရှိအချိန်မှာတော့ ဒဏ်ရာပြန်လည်သက်သာလာတာကြောင့် တယောက်တည်း လေ့ကျင့်ခန်းတွေ ပြန်လည်ပြုလုပ်နေပြီး အသင်းလိုက် လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နိုင်ဖို့ လိုအပ်နေသေးတာပါ။
နည်းပြအာတေတာကတော့ ဆာကာရဲ့ ဒဏ်ရာသက်သာလာပြီဖြစ်လို့ မကြာခင် အသင်းကြီးနဲ့ အတူ ပူးပေါင်းလေ့ကျင့်နိုင်တော့မှာဖြစ်ကြောင်း ပြောပါတယ်။
ဆာကာအနေနဲ့ အသင်းကြီးနဲ့ အတူလေ့ကျင့်ရေး ဘောလုံးနဲ့အတူ ဘယ်လောက်အထိ လေ့ကျင့်နိုင်မလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပြီး အဲဒီအခြေအနေကို သိရှိနိုင်မှသာ ပြန်ကစားနိုင်မယ့်ရက်ကို သိရလိမ့်မယ်လို့လည်း နည်းပြအာတေတာက ပြောသွားပါတယ်။
ဆာကာဟာ လာမယ့် ဧပြီလမှာ ကစားရမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ပြန်လည်ပါဝင်ကစားနိုင်မှာဖြစ်ပါတယ်။
Photo: Reuters