ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ တလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၃၇ လုံး ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၈ ရက်အထိ တလအတွင်း ဧရာဝတီတိုင်းထဲမှာ မိုးသက်လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် လူနေအိမ်အလုံး ၈ ပြိုကျ၊ နေအိမ် ၃၇ လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု ၃၇ စုက ဒေသခံတွေ လေဘးဒဏ်ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနဲ့ နီးစပ်သူက “အချိန်အခါမဟုတ်တဲ့မိုးဒဏ်နဲ့ လေပြင်းတိုက်ခတ်တဲ့ဒဏ်ကြောင့် ပျက်စီးတာ။ တစိတ်တပိုင်း ပျက်စီးတဲ့အိမ်ကများပါတယ်။ လုံးဝပျက်စီးခဲ့တဲ့ အိမ်တွေကနည်းတယ်။ အိမ်တွေကတော့ အစုံပေါ့။ သဘာဝဘေးအန္တရာယ် ခံစားခဲ့ရတဲ့သူတွေကို သက်ဆိုင်ရာက ကူညီထောက်ပံ့ပေးတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ တလအတွင်း ဧရာဝတီတိုင်းထဲက မအူပင်၊ ဒေးဒရဲ၊ သာပေါင်း၊ ဟင်္သာတ၊ ဝါးခယ်မ၊ လေးမျက်နှာ၊ ဖျာပုံ စတဲ့ မြို့နယ်တွေမှာ လေပြင်း တိုက်ခတ်တဲ့ဒဏ်ကြောင့် အများဆုံးပျက်စီးဆုံးရှုံးခဲ့တာလို့ သိရပါတယ်။
သာပေါင်းမြို့ခံတယောက်က “အိမ်က မကောင်းပေမဲ့ လုံးဝပြိုကျပျက်စီးသွားတာ။ အခုတော့ နေစရာမရှိတဲ့အဖြစ်ကို ဖြစ်နေတာ။ ယာယီတဲထိုး နေထိုင်နေရတယ်။ သက်ဆိုင်ရာက ငွေနဲ့အသုံး အဆောင်ပစ္စည်းတချို့ ထောက်ပံ့ပေးပါတယ်။ အိမ်အသစ် ဆောက်ဖို့တော့ မလောက်ငဘူး” လို့ ပြောပါတယ်။
နေအိမ်တွေ ပျက်စီးသွားတဲ့ လေဘေးသင့်ဒေသခံတွေဟာ နီးစပ်ရာဆွေမျိုးတွေနဲ့ အသိမိတ်ဆွေတွေရဲ့အိမ်တွေမှာ ယာယီပြောင်းရွှေ့နေကြသလို ယာယီတဲ ထိုးနေနေရသူတွေလည်းရှိပြီး လေပြင်းဒဏ်ကြောင့် လူနဲ့ တိရစ္ဆာန် ထိခိုက်သေဆုံးတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၅၀ ကျော် ပျက်စီးခဲ့ပြီးလူ ၃ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။