
အီတလီနိုင်ငံတောင်ပိုင်းမှာ မြေငလျင် ညလုံးပေါက် လှုပ်ခတ်ခဲ့လို့ အဆောက်အအုံတွေ လှုပ်ခါပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တာကြောင့် ကြောက်ရွံ့ထိတ်လန့်နေတဲ့ ဒေသခံတွေဟာ လမ်းမတွေပေါ် ထွက်လာခဲ့ကြပါတယ်။
မတ်လ ၁၃ ရက် မနက်အစောကြီးမှာပဲ နေပယ်လ်စ်မြို့နဲ့ အနီးအနားမြို့တွေမှ ဒေသခံတွေဟာ ငလျင်ဘေးကြောင့် လမ်းတွေပေါ်မှာပဲ တညတာ ကုန်ဆုံးခဲ့ကြပါတယ်။
ငလျင်ဗဟိုချက်ဟာ နေပယ်လ်စ်မြို့ အနောက်ဘက်ရှိ ကမ်းရိုးတန်းမြို့ ပေါ့ဇွာလီ အနီးမှာ တည်ရှိပါတယ်။
ဒေသတွင်း အရေးပေါ်အဖွဲ့တွေဟာ တစိတ်တပိုင်းပြိုကျနေတဲ့ အိမ်တလုံးရဲ့ အပျက်အစီးတွေထဲမှ လူတယောက်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။
အဲဒီဒေသမှာ ငလျင်ငယ် အများအပြား လှုပ်ခတ်ခဲ့ပြီး ဒေသခံတွေအကြား စိုးရိမ်မှုတွေ ပိုမြင့်လာခဲ့ပါတယ်။
နေပယ်လ်စ်မြို့ရဲ့ ဒေသတွေမှာ လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်ခဲ့ပြီး မိသားစုများစွာဟာ နောက်ဆက်တွဲ ငလျင်တွေလှုပ်မှာကို စိုးရိမ်ပြီး အိမ်ပြင်တွေနဲ့ သူတို့ရဲ့ ကားတွေထဲမှာ ညအိပ်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။
လူသေဆုံးမှုမရှိကြောင်း သတင်းတွေရရှိခဲ့ပြီး အရပ်ဘက် အကာအကွယ်ပေးရေး တာဝန်ရှိသူတွေဟာ ပျက်စီးဆုံးရှုံးမှု အကဲဖြတ်ခြင်းလုပ်ငန်းကို စတင်ခဲ့ကာ ဒေသတွင်း ညှိနှိုင်းရေးစင်တာကို ထူထောင်ခဲ့ပါတယ်။
အီတလီနိုင်ငံရဲ့ ဘူမိရူပဗေဒနဲ့ မီးတောင်ဗေဒ အမျိုးသားတက္ကသိုလ် (INGV) အဆိုအရ ဒေသစံတော်ချိန် ၀၁:၂၅ နာရီမှာ ပြင်းအား ၄ ဒသမ ၄ အဆင့်ရှိတဲ့ ငလျင်ဟာ လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန် ဘူမိဗေဒစစ်တမ်း (USGS) ကတော့ ငလျင်အသေးစားဟာ အနက်တိမ်ပြီး ၃ ကီလိုမီတာမှာ ဖြစ်ပေါ်ခဲ့ကာ အနက် ၁၀ ကီလိုမီတာမှာတော့ ပြင်းအား ၄ ဒသမ ၂ နဲ့ အနည်းငယ် နိမ့်ခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ပါတယ်။
Source: Reuters