Home
မြန်မာသတင်း
ပြည်မြို့တွင်  အစ္စလာမ်နှင့် ဟိန္ဒူဘာသာဝင်များကို စစ်တပ်က ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်း
DVB
·
March 12, 2025

ပဲခူးတိုင်း၊ ပြည်မြို့မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်းဖို့ အဓမ္မလူသစ်စုဆောင်းရာမှာ  အစ္စလာမ်ဘာသာဝင်တွေနဲ့ ဟိန္ဒူဘာသာဝင် လူငယ်တွေကို သီးသန့်ဖမ်းဆီးပြီး စစ်သင်တန်းကို ပို့ထားတယ်လို့ မြို့ခံထံက သိရပါတယ်။

ပြည်မြို့ခံတယောက်က “ဆေးရေးရပ်ကွက်နဲ့ ကျောင်ကြီးအိုးတန်းက အစ္စလာမ်ဘာသာဝင်တွေ အနေများတယ်။ ရာအိမ်မှူးကလည်း အစ္စလာမ်ဘာသာဝင်ပဲ၊ သူနဲ့အဆင်မပြေတဲ့ အစ္စလာမ်ဘာသာဝင်ချည်းပဲ သီးသန့်ဖမ်းပြီး ပို့နေတာ။ သူ့သားတော့ မထည့်ဘူး၊ သူ့သားလည်း အသက်ပြည့်နေပြီ။ သူက အရင်က ဆိုက္ကားနင်းစားတာ။ အဲဒီကနေ လူရာအရမ်း၀င်ချင်တော့ ရ၀တရုံးမှာ တောက်တိုမယ်ရ လုပ်ပေးရင်းနဲ့ နောက်တော့ အာဏာသိမ်းချိန်မှာ လုပ်မယ့်သူမရှိတော့ သူက ရာအိမ်မှူး တက်ဖြစ်လာပြီး အရမ်းကို ချိုကြွနေတာ။ အခုလည်း သူကပဲ စာရင်းတွေလုပ်ပေးပြီး ဖမ်းခိုင်းနေတာ။ ဟိုကလာတဲ့ စစ်မှုထမ်းပုံစံမှာ အမည်၊ မှတ်ပုံတင်၊ နေရပ်၊ အသက်၊ လူမျိုး အဲဒီအချက် ၅ ချက်ကို ကွက်လပ်ချန်ပြီး သူတို့ဆီကို ပို့ပေးတာဆိုတော့ သူတို့ ဖြည့်ချင်တဲ့လူ နာမည်ဖြည့်ပြီး စစ်တပ်နဲ့ ရဲကို သွားဖမ်းခိုင်းတော့တာပေါ့။ အရင်ကလည်း PDF ကလာပြီး သေနတ်နဲ့ပစ်တာတောင် မမှတ်သေးဘူး။ ဘာသာဝင်အချင်းချင်း ဖိနှိပ်နေတာ” လို့ ပြောပါတယ်။

မှတ်ပုံတင်မရှိတဲ့သူတွေကိုလည်း ချက်ချင်းထုတ်ပေးပြီး စစ်မှုထမ်းခိုင်းဖို့ ခေါ်သွားသလို ငွေပေးကာ စစ်မှုထမ်း လွတ်ကင်းလာသူတွေကိုလည်း ထပ်မံ ခေါ်ယူနေတယ်လို့ သိရပါတယ်။

ကျောင်းကြီးအိုးတန်းရပ်ကွက်နေသူတယောက်က “နိုင်ငံသားကတ်ရလို့ စစ်မှုလည်း ထမ်းရမယ် ဆိုပြီး စာတွေနဲ့ လိုက်လည်းဆွယ်နေတာ၊ ကွမ်းယာရောင်းတဲ့ ကိုရှာဟစ်ဆို ရှမ်းမြောက် ရှေ့တန်းရောက်သွားပြီ။ သူဆို သူ့ အဖေကော အမေကော မှတ်ပုံတင်မရှိကြဘူး။ အဲ့ဒါကို ပန်းရောင် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးပြီး တန်းခေါ်သွားတာ အခုဆို သေသလားရှင်းသလားတောင် သူ့အိမ်ကမသိရဘူး။ နောက်တယောက်က ရွှေကူရပ်ကွက် ထဲကပဲ၊ သူက၂၀၂၄ နှစ်ထဲမှာ  တခါအဆွဲ ခံထားရတာ အဲ့ဒီတုန်းက  ရဲတွေဝိုင်း ရိုက်နှက်တာ လက်လွန်ပြီး စစ်မှုမထမ်းနိုင်လောက်အောင်ဖြစ်သွားလို့ သူ့အိမ်ကို သိန်း ၅၀ နဲ့ ပြန်လာခေါ်ဆိုလို့ သွားခေါ်တာ။ အဲ့ဒီတုန်းက  လမ်းတောင်မလျှောက်နိုင်လို့ လူနှစ်ယောက်တွဲခေါ်ခဲ့ရတာ အခုထိ ဆေးကုသနေတုန်းပဲ။ အခုထပ်လာပြီးဆွဲသွားတာ သူဆို ခုမှ နလန်ထတာ ၂ လလောက်ပဲ ရှိသေးတယ်။ အခုပါသွားပြန်ပြီ။ နောက်ထပ်တယောက်က ဆံတော်ထဲကပဲ စသီးရားဆိုတဲ့ ကလေးဆို အိမ်လာဖမ်းတာမှာ ရန်ကုန်ကို ရထားနဲ့ သွားတယ်ဆိုလို့ ချက်ချင်း ရထားရဲကိုဆက်သွယ်ပြီး လက်ပံတန်း ဘူတာကနေဆွဲချပြီး လက်ထိတ်နဲ့ ခြေချင်းပါခတ်ပြီး စာပို့ ရထားနဲ့ပြန်ခေါ်လာပြီး ဖမ်းသွားပြီ" လို့  ပြောပါတယ်။

အခုမတ်လ တလတည်းမှာပဲ စစ်မှုထမ်း အပတ်စဥ် ၁၁ အတွက် နိုင်/ ပြု ကတ် ကိုင်ထားတဲ့ ဘာသာခြားသီးသန့် ပြည်ခရိုင်အတွင်း အယောက် ၃၀၀ ဆွဲမှာဖြစ်ပြီး လူစားလဲချင်ရင် ငွေ ကျပ် သိန်း ၈၀ ပေးရမယ်၊ ဘာသာခြားဖြစ်ရမယ်လို့ မြို့မရဲစခန်းက ရဲဝန်ထမ်းတယောက်က ပြောပါတယ်။

ဇန်နဝါရီ ၆ ရက် တညတည်းမှာပဲ ပြည်မြို့မှာ အယောက် ၃၀ အထိ စစ်မှုထမ်းဖို့ ပေါ်တာ ဆွဲခံရပါတယ်။

အဲဒီအထဲမှာ ဆေးရေးရပ်ကွက် မူလတက္ကသိုလ်လမ်းက ဟိန္ဒူဘာသာဝင် ကိုစသီးရား၊ တိုက်ဖြူဗလီအောက်က အစ္စလာမ်ဘာသာဝင် ကို​ဝေယံ၊ ဂျပန်လမ်းကြားက အစ္စလာမ်ဘာသာဝင် ကိုဗေကြီး၊ ဇောတိက ကျောင်းနားက ဟိန္ဒူဘာသာဝင် ကိုပါပါးလေး၊ မြို့သစ်က ၊မွတ်စလင် ၃ ယောက်၊ ရှားရုံရပ်ကွက်ထဲက အစ္စလာမ်ဘာသာဝင် တယောက်၊ ရွှေတံခါးရပ်ကွက်ထဲက ဟိန္ဒူဘာသာဝင် ၉ ယောက်၊ ရွှေတံခါးနဲ့ မြို့သစ်အပိုင်းထဲက မွတ်စလင် ၇ ယောက် စသူတွေပါဝင်ပါတယ်။

ဖမ်းဆီးထားသူ အားလုံးကို လက်ရှိ ၉၅၉ တပ်ထဲမှာထိတ်တုံးခတ် ဖမ်းဆီး ချုပ်နှောင်ထားပြီး အခု အပတ်စဉ် ၁၁ အတွက် စစ်သင်တန်းတွေကို ပို့ဆောင်သွားမှာဖြစ်တယ်လို့ စစ်တပ် အသိုက်အဝန်းကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013