မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တောင်စွန်းရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို စောင့်ဆိုင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ယောက် သေဆုံးပြီး ၁၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ဆီက သိရပါတယ်။
မတ် ၉ ရက် မနက် ၉ နာရီလောက်က အင်အား ၆၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တောင်စွန်းရွာထိပ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပြီး အပြန်မှာ စောင့်ဆိုင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ရေးဘီလူးတပ်ဖွဲ့ တာဝန်ရှိသူက “စစ်ကောင်စီတပ်တွေ အစစ်ဆေးတွေ လာလုပ်တယ်။ ပြီးတော့ သူတို့စခန်းအထိုင်ချနေတဲ့ အာလူးတောင် ဝါးချောင်းကို တပ်ပြန်ဆုတ်တဲ့အချိန်မှာ အာလူးတောင် ချောင်းဝကနေ သွားစောင့်ပြီး ညနေ ၅ နာရီထိုးလောက်မှာ တိုက်ခိုက်ခဲ့တာ” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက် နေရာမှာတင် သေဆုံးခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းပြန်ဆုတ်ချိန် ၂ ယောက် ထပ်မံသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၅ ယောက်လောက် ရှိတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု အခြေအနေကို DVB က သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီးအပြန် သတင်းအရ ရေးမြို့နယ် အောင်သုခရပ်ကွက်မှာ ရဲနယ်ထိန်း မျိုးသူ ဘီယာလာသောက်နေတဲ့ သတင်းရရှိတာကြောင့် သွားရောက်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်အတွင်းမှာ စစ်ရေးအရှိန်မြှင့်တင်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ရေးမြို့နယ်နဲ့ မြို့အပြင်တွေမှာပါ အသွားအလာ သတိပြုစေလိုတယ်လို့ ရေးဘီလူးတာဝန်ရှိသူက ပြောပါတယ်။