Home
ဆောင်းပါး
ဘီလူးခေါင်းနှင့် ကျောင်းဆရာ
DVB
·
March 11, 2025
Design: DVB

"ဟိတ် .... ရပ်"

"ကားရပ်ထား"

MA သေနတ်ကို ပုခုံးချိတ် လွယ်ထားသော အရပ်ဝတ်စစ်သားတယောက်က လက်ပြကာ ကားကို တားလိုက်ပြီးနောက် အခြား စစ်သားတယောက်က Canter ကားနောက်ခန်းသို့ တက်ပြီး တင်ဆောင်လာသည့် ပစ္စည်းများကို စစ်သည်။

“ဒါ ဘာတွေလဲ”

ပီနံအိတ်ကြီး နှစ်လုံးကို လက်ဖြင့် ထိုးချေ ဖိဆရင်း တက်စစ်‌နေသည့် စစ်သားက မေးသည်။ ကားနံဘေးရှိ ဆိုင်ကယ်ပေါ်မှာ ထိုင်ကာ အရိပ်အခြေ ကြည့်နေသည့် သူသည် ရင်တချက်တော့ ခုန်သွား၏။

သူ ခေါင်းစွပ် စွပ်ရတော့မည်လား......

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်၍ စစ်တပ်က အတိအလင်း အာဏာသိမ်းလိုက်သောအခါ ဒေါက်တာတေဇာဆန်း ဦးဆောင်ကာ မန္တလေးမြို့တွင် ဆန္ဒပြခြင်း စတင်တော့သည်။  ခေတ်မီ တိုးတက်လာသော ဆက်သွယ်ရေးစနစ်က ထိုဆန္ဒပြသတင်းကို သယ်ဆောင်ဖြန့်ချိပေးမှုကြောင့် အချိန်တိုအတွင်း တနိုင်ငံလုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် လမ်းများပေါ်တက် ဆန္ဒပြလာကြတော့သည်။

မန္တလေးတိုင်း၏ အစွန်အဖျား တနေရာတွင် ရှိနေသော သူလည်း မနေသာတော့။ ပြီးတော့ သူက ၁၉၈၈ လူထုတော်လှန်ရေးကို ကြုံတွေ့ ပါဝင် ဖြတ်သန်းခဲ့ဖူးသည့်အပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် ဒုတိယမဲရုံမှူး တာဝန်ယူခဲ့ရသည့် ကျောင်းဆရာ။ မဲ မသမာမှုများရှိခဲ့သည်ဆိုသော စစ်တပ်၏ စွပ်စွဲချက်က မဲရုံတွင် တာဝန်ထမ်းဆောင်ပေးခဲ့ကြရသော သူတို့ ကျောင်းဆရာ၊ ဆရာမ အသိုက်အဝန်းကို စော်ကားလိုက်သည်သာမက တနိုင်ငံလုံးအပေါ်  လှည့်ဖြား အနိုင်ကျင့် ဗိုလ်ကျလိုက်ခြင်းဟု သူခံစားရသည်။

၂၀၂၀ ရွေးကောက်ပွဲ၌ မဲရုံများအတွင်း မသမာမှုများ ရှိမရှိဆိုသည်မှာ သူတို့ ကျောင်းဆရာ၊ ဆရာမများက အသိဆုံး။ ထားတော့ ....အချို့နေရာများတွင် မဲရလဒ် အငြင်းပွားမှုများရှိခဲ့လျှင်ပင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကသာ ကိုင်တွယ် ဖြေရှင်းရမည့်ကိစ္စ။ ယခုမူ ၎င်းတို့၏ အရှုံးကို လက်မခံသည့်အပြင် ၎င်းတို့ အလိုကျ ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပင် ပေါ်တင် ချိုးဖောက်နေပြီဖြစ်ကြောင်းကို ကျောင်းဆရာဖြစ်သည့် သူ နားလည်သည်။

သည်တော့ သူ တာဝန်ကျရာ မိုးကုတ်မြို့နယ် အစွန်အဖျားရွာလေးမှတဆင့် ဆိုင်ကယ်ဖြင့် မိုးကုတ်မြို့ပေါ်တက်ကာ ဆန္ဒပြပွဲများတွင် ပူးပေါင်းပါဝင်တော့သည်။ ပညာရေးဌာန၏ ဆန္ဒပြပွဲများတွင် သူ တက်တက်ကြွကြွ ပါဝင်လှုပ်ရှား၏။ ပြည်သူလူထု၏ အကြမ်းမဖက် ဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းလာသောအခါ သူတို့ ဌာနဆိုင်ရာ ဝန်ထမ်းများသည် Civil Disobedience Movement ဖြင့် တုံ့ပြန်ကြ၏။ သူသည်လည်း CDM ကျောင်းဆရာ ဖြစ်လေပြီ။

သို့သော် သူ၏ CDM ကျောင်းဆရာဘဝသည် ကြာကြာမခံ။

“ခင်ဗျား ဘာတွေ လျှောက်လုပ်နေတာလဲ၊ ရွာကလူတွေက ခင်ဗျား ရွာမှာ ရှိနေလျက်နဲ့ ကျောင်းမတက်ဘူး၊ စာသင်မပေးဘူးဆိုပြီး တိုင်ထားကြတယ်။ ထွေအုပ်ရုံးကိုလည်း တိုင်ထားတယ်၊ စစ်တပ်က လာဖမ်းရင် ခင်ဗျား ဒုက္ခရောက်မယ်၊ ကျောင်းပြန်တက်ပါ၊ ကျောင်းပြန်ဖွင့်ပါ။”

မြို့နယ်ပညာရေးမှူး၏ သဟောက်သဟမ်းစကားကြောင့် သူ ဒေါသဖြစ်သွား၏။ ပွင့်ပွင့်လင်းလင်း ဆိုရလျှင် သူ့ရှေ့မှာ ရှိနေသည့် ပညာရေးမှူးကို ဆွဲထိုးလိုက်ချင်သည်။ ဆွဲထိုးမိတော့မည်။

သို့သော် “ကျနော်တို့ ရှေ့ထွက် မလုပ်နိုင်လည်း နောက်ကွယ်ကနေ တတ်နိုင်သမျှ လုပ်ကြတာပေါ့ဗျာ” ဟု ဆန္ဒပြပွဲများ တခန်းရပ်စဉ်က ပြောခဲ့သော မိတ်ဆွေ ကျောင်းဆရာ တယောက်၏ စကားကို ပြန်လည် ကြားယောင်လိုက်ခြင်းက သူ့ဒေါသကို ဘရိတ်အုပ်စေခဲ့သည်။

သူ တာဝန်ကျသည့် ရွာလေးက မိုးကုတ်မြို့နယ်၏ အစွန်အဖျား ဖြစ်သည့်အပြင် လူမျိုးခြားအများစု နေထိုင်သည့်ရွာ။ နိုင်ငံ့အရေးထက် ကိုယ့်အရေးသာ ကြည့်တတ်ကြသူတွေ။ သည်လို လူတွေကြားမှာ သူ ကျောင်းတာဝန်ထမ်းဆောင်လာရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ သူ့ရပ် သူ့ရွာလို ဖြစ်နေသည့်အပြင် မိသားစုပါ ရှိနေသည့် သူသည် CDM အကြောင်းပြုပြီး အခြားအရပ်တပါးသို့ ရုတ်တရက် ပြောင်းရွှေ့ရန်မှာလည်း အရေးမသာခဲ့။

သည်တော့လည်း ရွာက ပေးအပ်လာသည့် Non-CDM ဟူသော ဘီလူးခေါင်းကို သူ မစွပ်ချင် စွပ်ချင် စွပ်ရပေတော့မည်။

သူ Non-CDM မူလတန်းပြ ကျောင်းဆရာ ဖြစ်လာ၏။ ကံကြမ္မာပစ်ချရာ နေလိုက်ဦးမည်။

နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ လုပ်နေသည့် သူ့ကို မည်သူကမျှ ရိပ်မိဟန်မတူ။

ယခု စစ်တပ်က စစ်နေသည့် ကားပေါ် ပါလာသည်က သူ့ပစ္စည်းများ ဖြစ်၏။ တိတိပပ ပြောရလျှင် PDF ကလေးများအတွက် မိုးကုတ်မြို့ပေါ်ကနေ သူ အလှူခံထားသည့် စောင်နှင့် အနွေးထည်များ။ PDF ကလေးများအတွက် ဆန်တအိတ်ကိုမူ သူ့ဆိုင်ကယ်ပေါ်တွင်ပင် တင်ဆောင်ခဲ့ပြီး သူ တာဝန်ကျရာရွာလေး အနီးရှိ အုပ်စုရွာကြီးမှ အသိမိတ်ဆွေ၏ ကားပေါ်သို့ စောင်နှင့် အနွေးထည်များ ပါသော ပီနံအိတ်ကြီး နှစ်လုံးကို တင်ပေးလိုက်ခြင်းပင်။ သူကတော့ ကားနှင့် မလှမ်းမကမ်းမှနေ၍ ဆိုင်ကယ်စီး လိုက်လာခဲ့သည်။

သူ တာဝန်ကျရာ ရွာလေးနှင့် မိုးကုတ်မြို့ အကြားတွင် စစ်တပ်၏ စစ်ဆေးဂိတ်စခန်းတခုက အမြဲတမ်းရှိနေ၏။ ရံဖန်ရံခါ လှည့်ကင်း၊ ရပ်ကင်းတချို့နှင့်လည်း တိုးတတ်သည့် ကာလ။ သူသည် မိုးကုတ်မှ မထွက်မီကပင် စစ်တပ်ဂိတ်ရောက်၍ စစ်မေးလျှင် အုပ်စုရွာကြီးရှိ ငါးရက် တဈေးတွင် ရောင်းမည့် ဘေထုပ်အထည်များဖြစ်သည်ဟု ပြောရန် ကားဆရာကို မှာကြားထားပြီး ဖြစ်၏။  စစ်တပ်မှ ထပ်ရစ်နေလျှင် သူသည် Non-CDM ဟူသော ဘီလူးခေါင်းကို စွပ်ပြရပေမည်။ စစ်ဘီလူးများကို ဘီလူးခေါင်းစွပ် စွပ်ပြမှသာ အသွင်တူသည်ဟု မှတ်ယူကာ ရန်သူ မထင်တော့မည် မဟုတ်ပါလား။

“ကျနော်က ဘယ်ရွာက လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာပါဗျာ၊ လစာနဲ့ မဖူလုံလို့ တခါတရံ  ဘေထုပ်လည်း ရောင်းနေရတာပါ၊ အဲဒါက ကျနော့်ပစ္စည်းတွေပါ” ဟူ၍ ပြောမည်ဟု သူ စဉ်းစားထားသည့် စကားလုံးများကို စိတ်ထဲက ပြန်လည်ရေရွတ်ကြည့်ရင်း ကားဆရာနှင့် စစ်နေသည့် စစ်သား၏ အရိပ်အခြည်ကို ကြည့်ကာ သူ Non ခေါင်းစွပ် စွပ်ပြရတော့မလားဟု တွေးနေမိသည်။

“ဘေထုပ်တွေပါ ဆရာ၊ ကျနော်တို့ ငါးရက် တဈေးမှာ ရောင်းမယ့်ဟာတွေ တင်လာတာပါ။”

ကားဆရာ၏ အဖြေကို စစ်သားက ကျေနပ်သွားဟန်တူ၏။ “အင်း.... ဟုတ်ပါပြီ၊ ရပါပြီ” ဟု ဆိုကာ ကားပေါ်မှ ပြန်ဆင်းသွား၏

ထိုအခါမှ ကားဘေးက ဆိုင်ကယ်ပေါ်တွင် ရှိနေသည့် ကျောင်းဆရာသည် သက်ပြင်း ခိုးချနိုင်တော့သည်။

ထိုပစ္စည်းများသည် ယခုအခါ NUG ၏ ၅၁၃  တပ်ရင်းတခုဖြစ်လာသည့် တပ်ဖွဲ့ သန္ဓေယူစဉ်က သူ အလှူခံပေးခဲ့သော ပစ္စည်းများ ဖြစ်၏။ ထိုစဉ်ကမူ PDF တပ်ရင်းအဆင့် မဖြစ်သေး။ PDF အဖွဲ့ငယ်လေးသည် သူ တာဝန်ကျရာ ရွာလေးအနီးတွင် ပုန်းလျိုးကွယ်လျှိုး  အခြေချနေကြသည်။ သူ ရှိရာ ရွာကျောင်းလေးသို့ ရဲဘော်တချို့ ရောက်ရောက်လာကာ သူ့ကို အကဲခတ်ကြသည်။

တရက်တော့ PDF အဖွဲ့ငယ်၏ ခေါင်းဆောင်ပါ ပါလာကာ ကျောင်းတွင်နေထိုင်သည့် သူနှင့် သူ့မိသားစုကို စစ်မေးတော့၏။

“ခင်ဗျားက စကစ ဘက်တော်သားမို့ ကျောင်းဖွင့်ပြပြီး ကျောင်းမှာနေ နေတာမို့လား၊ ရွာက ဒီကျောင်းမှာ Non-CDM ကျောင်းဆရာရှိတယ်ဆိုပြီး လာတိုင်လို့ ကျုပ်တို့ လာရတာပဲ၊ ခင်ဗျားက ဘယ်ကနေလာပြီး ကျောင်းလာဖွင့်နေတာလဲ၊ မှတ်ပုံတင်ပြ”

ရော် ....ခက်ကပြီ။ ရွာက လူတချို့က လူရှိလျက်နှင့် စာမသင်ဟုဆိုကာ စကစကို သွားတိုင်သည်။ PDF များ ရွာနားရောက်ရှိလာတော့ သူသည် Non-CDM ပါဟု PDF ကို တိုင်ကြပြန်လေပြီ။ ရှုပ်ထွေးပွေလီ လူ့လောကီပါတကား။

PDF ခေါင်းဆောင်၏ စကားသံအဆုံး သူ့ဇနီးက သူ့မှတ်ပုံတင်ကို ရှာကာ ထုတ်ပြလိုက်သည်။ သူ၏ အညာဒေသမှတ်ပုံတင်ကို မြင်ပြီးနောက် PDF တို့၏ လေသံက ပျော့ပျောင်းသွား၏။ စစ်မေးသည် ဆိုသည်ထက် ဆွေးနွေးပြောဆိုကြသည့် အသွင်ပြောင်းသွားသည်။ သူကလည်း CDM မှသည် Non ဖြစ်လိုက်ရသည့် အကြောင်းရင်းအပြင် မင်းအောင်လှိုင်နှင့် စကစအပေါ် ထားသည့် သူ့သဘောထားများကို လှစ်ဟ ဖွင့်အန်ပြမိ၏။

“နောက်တော့ဗျာ၊ သူတို့နဲ့ ကျနော် ရင်းနှီးသွားတော့တာပါပဲ၊ ကိုယ့်သားသမီးအရွယ်လေးတွေလေ၊ အနေဆင်းရဲ အစားဆင်းရဲခံပြီး တောထဲမှာ နေနေကြရတာ၊ တခါတရံ သူတို့ ကျနော့်ဆီ လာအိပ်တယ်၊ ကျနော့်မှာလည်း မိသားစုအပြင် ဧည့်သည်လာရင် ပေးဖို့ထားတဲ့ စောင်က သုံး လေးထည်ပဲ ရှိတာကိုး၊ တချို့ကလေးတွေဆို အနွေးထည်ကလည်း အလုံအလောက်မရှိနဲ့ဗျာ၊ ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး မိုးကုတ်တက်ပြီး ကျနော် အလှူခံရတော့တာပဲ၊ အလှူခံလို့ရလာတဲ့ အနွေးထည်တွေ၊ စောင်တွေ ရလာသမျှကို သူတို့ ပေးရတာ၊ သူတို့ကလည်း ကျနော်ရဲ့ Non-CDM မျက်နှာဖုံးက သူတို့အတွက်လည်း အသုံးတည့်တယ်လို့ မှတ်ယူသွားကြပုံပါပဲ။”

ကျောင်းဆရာ ဦးမိုးမြင့်သည် ပြောလက်စ စကားကို တဖြတ်ရပ်ကာ မီးသေစပြုနေသော ခြူးဆေးပေါ့လိပ်ကို ကောက်ဖွာသည်။ မျက်လုံး၊ မျက်ခုံး၊ နှာတံကောင်းကောင်းနှင့် ပိန်ပါးပါး သူ့ခန္ဓာကို အညာသား အသားအရေက ဖုံးအုပ်ထားသည်။ မှန်၏။ သူသည် အညာသား ကျောင်းဆရာ။ လူထုဆန္ဒပြပွဲများကို သတ်ဖြတ်နှိမ်နင်းအပြီး စကစက အညာဒေသမှ ကျေးရွာများကို မီးလောင်တိုက် သွင်းနေသည့်ကာလက ဦးမိုးမြင့်၏ ဇာတိရွာမှာရှိသော သူ့အိမ်လည်း မီးရှို့ဖျက်ဆီးခံလိုက်ရသည်။ အသားလွတ်စော်ကားခံရခြင်းက အဝေးတနေရာမှာ ရှိနေသည့် ကျောင်းဆရာကို ရောက်သည့်နေရာ၊ ရသည့်အခန်းကဏ္ဍမှ တော်လှန်လော့ဟု ဆော်ဩလိုက်သည့်နှယ်။

တကယ်တော့ Non အဖြစ် တိုင်ကြားမှုဖြင့် လာ‌စစ်သော Local PDF အဖွဲ့ မရောက်မီကပင် သူသည် KPDF ၏ အမာခံသတင်းပေးဖြစ်ပြီးသား။ မိတ်ဆွေတယောက်မှတဆင့် KPDF နှင့် သူ အဆက်အသွယ် ရခဲ့ခြင်းဖြစ်၏။ KPDF က သူ့ဒေသအတွင်း စကစ လှုပ်ရှားမှုများကို ဖုန်းဆက်သွယ် မေးမြန်းလေ့ရှိသလို သူကလည်း ထူးခြားမှုများ မြင်တွေ့ရလျှင် လှမ်းပြောခဲ့စမြဲ။

KPDF နှင့် သူ စဆက်သွယ်စဉ် ကနဦးပိုင်းကာလများက KPDF အဖွဲ့ဝင်များကို လူကိုယ်တိုင် မမြင်မတွေ့ဖူးခဲ့။ ဖုန်းဖြင့်သာ ဆက်သွယ် ပြောဆိုရ၏။ ဟိုနေရာ သွားကြည့်ပေးပါဆိုလျှင် ကြည့်ပေးရ၏။ ဒီနေရာသွားပေးပါဦးဆိုလျှင် သူ ဆိုင်ကယ်ဖြင့် ပြေးရပြန်၏။ သူအမှန်တကယ် သွားပေး၊ မပေးကိုလည်း KPDF က စောင့်ကြည့်နေသည်ဟု သူ ခံစားရကြောင်း ဆိုသည်။ နောက်ပိုင်း စကစ၏ ကာကင်းစခန်းတချို့ကို KPDF က ဝင်တိုက်ချိန်များတွင် ဦးမိုးမြင့်က တိုက်ပွဲစချိန်၊ ပြီးဆုံးချိန်များကို KPDF စခန်းမှ ဖုန်းဆက်မေးမြန်းလာလျှင် ပြန်ပြောပေးရ၏။

ဆရာဦးမိုးမြင့်သည် ဆေးလိပ်မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်ရင်း

“တခါတော့ စကစက ကျနော်တို့ ရွာဘက်တကြောကို အလံနီ၊ အလံဖြူတွေ လာစိုက်တယ်ဗျ။ အလံနီတတိုင် ပြီးရင် အလံဖြူတတိုင်၊ အဲဒီလို တတိုင်ခြား လမ်းဘေးတလျှောက် စိုက်ထားတာတွေ့တော့ ကျနော်က PDF ကို ပြောပြလိုက်တယ်၊ PDF ကလေးတွေက ကျနော်တို့ အထက်ကို ပြန်တင်ပြရင် ဝေဝေဝါးဝါး ပြောလို့မရဘူးဗျဆိုတာနဲ့ ကိုင်း... ဒါ‌ဆိုလာ၊ မင့်တို့ထဲက တ‌ယောက် ငါနဲ့ လိုက်ခဲ့ဆိုပြီး ဆိုင်ကယ်ပေါ် ခေါ်တင်သွားရတယ်။ ပြီးတော့ စကစက စိုက်ထားတဲ့ အလံတိုင်တွေကို ဖြတ်သွားဖြတ်လာတွေ မရိပ်မိအောင် ဓာတ်ပုံ ခိုးရိုက်ကြရတယ်" ဟု စကစ လှုပ်ရှားမှုများကို ထောက်လှမ်းရေး လုပ်ခဲ့ရပုံများကို ပြန်ပြောင်း ပြောပြ၏။

သူ့ကို Non အမှုဖြင့် Local PDF အဖွဲ့ လာစစ်စဉ်က သူသည် KPDF အဖွဲ့နှင့် ချိတ်ဆက်မှု ရှိကြောင်းကို ထုတ်မပြောခဲ့။

“လာစစ်တဲ့အဖွဲ့က ကိုယ်က အခုမှ သိရ မြင်ရတာလေ၊ ယုံစားလို့မရသေးဘူး၊ ဒီတော့ ကျနော် KPDF အဖွဲ့နဲ့ အဆက်အသွယ်ရှိနေတာကို ထုတ်မပြောပါဘူး။ သလဲသီးများလို တကန့်စီ ထားလိုက်တယ်" ဟု ဦးမိုးမြင့်က ပြောသည်။

နောက်တော့ သူသည် KPDF အတွက် ထောက်လှမ်းရေး လုပ်ပေးရသလို သူ့ရွာအနီး စခန်းဖွဲ့နေသော Local PDF အတွက်လည်း ထောက်ပို့ လုပ်ပေးရ၏။ မိုးကုတ်မြို့ပေါ်တက်ကာ စကစအုပ်စု၏ သတင်းကို ထောက်လှမ်းရသလို အုပ်စုရွာကြီးရှိ ငါးရက်တဈေးမှာလည်း ဈေးသည်များထံမှ သတင်းနှိုက်ရ၏။ ဈေးမှအပြန် သူ့မိသားစု စားဖို့ထက် ပိုလျှံနေသော ချက်ပြုတ်စရာများကို မြင်တွေ့ရင် သူတို့က ဆရာ ဝယ်တာ များလှချည်လားဟု နှုတ်ဆက်ကြလျှင် အိမ်မှာ ဆွမ်းကပ်ရှိတယ်ဗျဟု သူ အကြောင်းပြရသည်။ အိမ်ရောက်လျှင်တော့ Local PDF များက သူ့ထံမှ ဈေးခြင်းကို လာဆွဲ သွားကြစမြဲ။ ရွာမူလတန်းကျောင်းသည် တောင်ကုန်းပေါ်တွင် တည်ရှိ၍ ရွာက အောက်ချိုင့်ထဲမှာ ရှိသည့်အပြင် မကြာခဏ မှိုင်းတိုက်တတ်သော ဒေသဖြစ်သဖြင့် လူမျိုးခြား ရွာသူရွာသားတို့သည် သူ့ထံ PDF များ ဝင်ထွက်နေသည်ကို သိဟန်မတူ။

“ကျနော် အလှူခံတဲ့အထဲမှာ ဘုန်းကြီးတွေလည်း ပါတယ်ဗျ၊ ကထိန်ရာသီဆိုရင် ဘုန်းကြီးကျောင်းတွေမှာက အလှူအတန်း ပေါတာကိုး၊ ကော်ဖီမစ်ထုပ်၊ တီးမစ်ထုပ်၊ ကိတ်ခြောက်၊ ဘီစကစ်၊ အစုံပေါ့ဗျာ၊ ဘုန်းကြီးတွေကလည်း ပြန်စွန့်ကြဲပေးကြပါတယ်။ မတတ်နိုင်ဘူးဗျာ၊ ကလေးတွေ ကုန်ကျစရိတ်နည်းအောင် ကျနော်လည်း ကြံဖန် အလှူခံပေးရတာပဲ၊ အနီးအနား ရွာတွေက ဘုန်းကြီးကျောင်းတွေကနေ အကုန် အလှူ ပတ်ခံတာပဲ။ ဘုန်းကြီးတွေလည်း မနေရဘူးပေါ့လေ၊ ဟဲ ...ဟဲ။”

ဦးမိုးမြင့်သည် သူ့စကား သူ သဘောကျကာ တဟဲဟဲ ရယ်ရင်း တောရွာလေးရှိ လက်ဖက်ရည်ဆိုင်မှ နှုတ်ခမ်းပဲ့ ရေနွေးခွက်လေးကို ကောက်မော့သည်။

အခြားသူများထံမှ အလှူခံပေးရသလို သူ့ခြံဝင်းအတွင်းမှာ ရောင်းရန်မွေးထားသည့် ကြက်များသည်လည်း ဈေးသို့ မသွားရတော့။ အိမ်စားနှင့် PDF ရိက္ခာ။

မိုးကုတ်မြို့သိမ်းတိုက်ပွဲများသာ ပြီးသွားသည်။ သူ့ရွာက သူ့ကို တိုင်တောမှုများမှာ မပြီး။ TNLA အုပ်ချုပ်ရေးယန္တရား စလာသောအခါ သူ့ကို TNLA ထံ တိုင်ကြပြန်သည်။ သို့သော် TNLA က သူ့ကို တညသာ ခေါ်ယူ စစ်မေးပြီး ဇာတ်ရည်လည်သွားသောအခါ ပြန်လွှတ်ပေး၏။ သူ ထောက်ပို့လုပ်ပေးခဲ့သော မိုးကုတ်ဗျူဟာနှင့် Local PDF အဖွဲ့ဝင်များကလည်း TNLA ရုံးသို့ ရောက်လာကာ သူ့ကို ပြန်ထုတ်ပေးရန် တောင်းဆိုခဲ့ကြသည် မဟုတ်လား။ အကုန်ပတ်တိုင်နေသည့် လူမျိုးခြားရွာသားတို့၏ လုပ်ပုံကိုကြည့်ကာ သူ့မှာ ရယ်ရခက်ခက်၊ ငိုရခက်ခက်။ သို့ငြား သူကား ကျေနပ်၏။ သူ၏ သရုပ်သဏ္ဌာန် အမှန်ကို လူအများ မရိပ်မိခြင်းကပင် သူ၏ လုပ်ဆောင်ချက်များ အောင်မြင်ခြင်းဟု သူခံယူထားသည်။

"မြို့သိမ်းတိုက်ပွဲ ပြီးသွားတယ်၊ ကျနော် ဘာတခုမှ အခွင့်အရေး မယူခဲ့ဘူး။ တချို့ မြို့သိမ်းတိုက်ပွဲတွေ ပြီးမှ ထောက်ပို့လုပ်ငန်းတွေ ထလုပ်ကြတယ်။ ထောက်ပို့ဖြစ်ကြောင်း ထောက်ခံစာတွေ၊ ဘာတွေ တောင်းကြတယ်လို့ ကြားတယ်၊ ကျနော့်ဆီမှာ ဘာထောက်ခံစာမှ မရှိဘူး၊ တောင်းလည်း မတောင်းခဲ့ဖူးဘူး၊ ထောက်ပို့ လက်မှတ်ကိုင်ပြီး လုပ်စားတဲ့အထဲ ကျနော်မပါဘူး" ဟု သူက ယတိပြတ် ဆို၏

သူ့ဇနီးကတော့ သူ လုပ်နေသည်များကို စိုးရိမ်မှု ရှိ၏။

“ရှင်နော်၊ ရှင့်ကို မင်းအောင်လှိုင်တို့က မိလို့ကတော့ အရေခွံဆုတ်မှာ သိလား၊ ရှင့်ကို တစစီ လုပ်ပစ်ကြမှာတော့်" ဟူသည့် ဇနီးသည်၏ စိုးရိမ်ပူပန်မှု စကားများကို မိုးကုတ်-မိုးမိတ်လမ်းပေါ် ဆိုင်ကယ်မောင်းနေတိုင်း သူပြန်ကြားယောင်လေ့ ရှိသည်။ မိုးမိတ်လမ်းပေါ်မှ စကစ ဂိတ်များကို ဖြတ်ရတိုင်း သတိရမိမြဲ။

သို့သော် မတတ်နိုင်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသည် သူ့တွင်လည်း တာဝန်ရှိသည်ဟု ခံယူထားပြီးပြီ။ သူတတ်နိုင်သည့်ဘက်မှ လုပ်ရပေမည်။ မြန်မာ့နွေဦးတော်လှန်ရေးသည် မုချ အောင်မည်ဟုလည်း သူယုံကြည်သည်။

တောရွာလက်ဖက်ရည်ဆိုင်လေးအတွင်းမှ ခနော်နီခနော်နဲ့ ခုံတန်းလျားပေါ်  တင်ပလ္လင်လွဲထိုင်နေသော ဆရာဦးမိုးမြင့်သည် ခေါင်းပေါ်မှ လျှာထိုးဦးထုပ်ကို ချွတ်၊ ခါးကို တချက်ဆန့်မတ်လိုက်ရင်း

“ကျနော်တို့ တော်လှန်ရေးက အောင်ကို အောင်မှာပဲ၊ ဒါကို ကျနော် မမှိတ်မသုန် ယုံကြည်တယ်၊ အခုပဲကြည့် ကျနော်တို့ မိုးကုတ်၊ မိုးမိတ်ဘက်ဆို မြို့တွေ သိမ်းနိုင်ခဲ့ပြီဗျာ၊ တော်လှန်ရေးခရီးက တော်တော် ပေါက်နေပါပြီ၊ ပန်းတိုင်ကို မြန်မြန်ရောက်ဖို့ပဲ လိုတော့တယ်။ ပန်းတိုင်ကို မြန်မြန်ရောက်ဖို့ဆိုရင်တော့ ပကဖတွေအနေနဲ့ နေရာလုတာတွေ၊ သူတလူ ငါတမင်း လုပ်တာတွေ လုပ်မနေကြဘဲ ညီညွတ်ကြဖို့ လိုတယ်။ NUG အနေနဲ့လည်း အရေးမကြီးတာတွေကို လျစ်လျူရှုပြီး စစ်ရေးမှာ ဒီထက်ပို အားစိုက်ရင် သိပ်ကောင်းမယ်၊  ဒီလိုပဲ ကျနော် မြင်တယ်ဗျာ” ဟု ရိုးရှင်းစွာ ပြောသည်။

မိုးကုတ်မြို့သိမ်းတိုက်ပွဲများ ပြီးသွားပြီ။ TNLA နှင့် PDF တပ်များက အောင်နိုင်ခဲ့ပြီ။ Non-CDM ဘီလူးခေါင်းစွပ် စွပ်ထားရသော မိုးကုတ်ကျေးလက်ဒေသမှ ကျောင်းဆရာမှာမူ တရုတ်ထုတ် အားကစားဘောင်းဘီရှည်ကို ဝတ်၊ အပူဒဏ်ကာ လျှာထိုးဦးထုပ်ဆောင်းကာ ကျောက်တွင်းတူးသမား ဖြစ်နေလေပြီ။

“အကျိုးအကြောင်း ပြောပြပြီး အဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုလည်း ယူပြီး ကျနော် အလုပ်ပြန်ဝင်ချင်ရင် ရကောင်း ရနိုင်ပါတယ်။ ဒါပေမဲ့ ကျနော် အလုပ်ပြန်မဝင်ချင်သေးဘူးဗျာ၊ ကျနော်တို့ တော်လှန်ရေး ခရီးက မဆုံးသေးဘူး၊ အခု ကျနော် တွင်းလုပ်ငန်း လုပ်နေပေမဲ့ အဖွဲ့အစည်းတွေက ကျနော့်ကို အလိုရှိတယ်ဆိုရင် ကျနော် ထလိုက်ပြီး ကူညီပေးဦးမှာပဲ၊ ကျနော်က Non လိုင်စင်ရပြီးသားလေ ဟား....ဟား...ဟား" ဟု ကျောင်းဆရာက ရယ်မောရင်း ပြတ်သားစွာ ဆို၏။

အမှတ်မထင် အစွပ်ခံလိုက်ရသော Non-CDM ဟူသည့် ဘီလူးခေါင်းကို သူ မည်သည့်အချိန်မှ ဆွဲချွတ်ချမည်ကို မည်သူမျှ သိနိုင်လိမ့်မည် မဟုတ်ပေ။

စိုင်းမင်းအောင် တွေ့ဆုံမေးမြန်း ရေးဖွဲ့သည်။

(စာကြွင်း၊ ယခုတခေါက် စာရေးသူ မိုးကုတ် ရောက်သောအခါ အချိန်နည်းနေသဖြင့် ဦးမိုးမြင့် ရှိရာ ရွာဘက်သို့ မသွားနိုင်ခဲ့ပါ။ မြို့ပေါ်ရှိ သူ့မိတ်ဆွေများထံ စုံစမ်းကြည့်ရာ သူတို့ မိသားစု ပြောင်းရွှေ့သွားကြပြီဟုသာ သိရ၏။ မည်သည့်အရပ်ဌာနသို့ ပြောင်းရွှေ့သွားသည်ကိုမူ သေချာဂဏ မသိရ။ တယောက်တမျိုး ပြောနေကြ၏။ ဦးမိုးမြင့်တို့အတွက် ရုတ်တရက် စိတ်ပူမိသော်လည်း သူပြောဖူးသည့် လိုင်စင်ကို ပြန်သတိရမှ စိတ်အေးသွားရ၏။ ကာယကံရှင်၏ လုံခြုံရေးအရ အမည် လွှဲပြောင်း ရေးသားထားပါသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024