Home
နိုင်ငံတကာ
TikTok ဝယ်ယူလိုသူများနှင့် ဆွေးနွေးနေဟု ထရမ့်ပ် အတည်ပြု
DVB
·
March 10, 2025
Photo : Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ သူ့အစိုးရအဖွဲ့ဟာ TikTok ရောင်းချရေးအတွက် ဝယ်ယူလိုတဲ့အဖွဲ့ ၄ ဖွဲ့နဲ့ ဆွေးနွေးနေတယ်လို့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ အတည်ပြုပါတယ်။

တရုတ်ကုမ္ပဏီပိုင် TikTok ဆိုရှယ်မီဒီယာနဲ့ ပတ်သက်ပြီး မကြာခင် အရောင်းအဝယ် ဖြစ်လာနိုင်သလားဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကို ထရမ့်ပ်က “ဖြစ်နိုင်ပါတယ်” လို့ တုံ့ပြန်ခဲ့တာပါ။

“TikTok ကို လိုချင်နေတဲ့သူ အများကြီးရှိပါတယ်။ အဲဒီ ရွေးချယ်စရာအဖွဲ့ အားလုံးဟာ ကောင်းကောင်းမွန်မွန်ပါပဲ” ဆိုပြီး Air Force One လေယာဉ်ပေါ်မှာ ထရမ့်ပ်က မှတ်ချက်ပေးပါတယ်။

TikTok အပါအဝင် မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance ကတော့ ရိုက်တာသတင်းဌာနရဲ့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်တာမျိုး မရှိသေးပါဘူး။

TikTok ရဲ့ အကျပ်အတည်းကြောင့် အလျင်အမြန် ကြီးထွားလာတဲ့ စီးပွားရေးလုပ်ငန်းကို ဝယ်ယူချင်သူ များပြားနေသလို အဲဒီထဲမှာ လော့စ်အန်ဂျလိစ်-ဒေါ့ဂျာစ် (Los Angeles Dodgers) ဘေ့စ်ဘောအသင်းရဲ့ ပိုင်ရှင်ဟောင်း ဖရန့်ခ် မက် ကော့တ်လည်း ပါဝင်ပါတယ်။

ဘိုင်ဒင် လက်ထက်မှာ အမျိုးသားလုံခြုံရေး အကြောင်းပြချက်အရ ဇန်နဝါရီ ၁၉ ရက် နောက်ဆုံးထားပြီး TikTok က ပြန်ရောင်းမလား၊ အပိတ်ခံမလားဆိုတဲ့ ဥပဒေတရပ်ကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတတာဝန် စယူခဲ့တဲ့ ထရမ့်ပ် ကတော့ ဥပဒေ အသက်ဝင်မယ့်နေ့ကို ၇၅ ရက်ကြာ ရွှေ့ဆိုင်းထားဖို့အတွက် အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

လေ့လာသူတွေကလည်း TikTok ကို အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံအထိ တန်ကြေးရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

TikTok ရောင်းချရေးအတွက် တရုတ်အစိုးရနဲ့ ဆွေးနွေးနေတဲ့အပြင် နောက်ဆုံးသတ်မှတ်ရက်ကိုပါ ထပ်တိုးပေးနိုင်ခြေရှိတယ်လို့ ထရမ့်ပ်က ပြောထားပါတယ်။

အာဖဂန်နစ္စတန်၊ နယူးဇီလန်၊ အိန္ဒိယနဲ့ ဗြိတိန် အပါအဝင် ကမ္ဘာ့ ၁၄ နိုင်ငံက TikTok ကို အလုံးစုံ ဒါမှမဟုတ် တစိတ်တပိုင်း ကန့်သတ်ချက်တွေ ချမှတ်ထားကြောင်း သိရပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013