Home
မြန်မာသတင်း
ချောင်းဦး PDF အမည် အသုံးပြုပြီး ငွေကြေးလိမ်လည်တောင်းခံမှုများ ဖြစ်ပေါ်နေ
DVB
·
March 10, 2025

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF) အမည်အသုံးပြုပြီး လုပ်ငန်းရှင်တွေဆီကနေ ငွေကြေးလိမ်လည်တောင်းခံနေမှုတွေ ဖြစ်ပေါ်နေတယ်လို့ CHU PDF ဆီကနေ သိရပါတယ်။

CHU PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက “အခုရက်ပိုင်း ကျနော်တို့အဖွဲ့ရဲ့ ရုံးစာပုံစံ အတုလုပ်ပြီးတော့ ချောင်းဦးမြို့နယ်ထဲက လုပ်ငန်းရှင်တွေဆီကို ခြိမ်းခြောက်စာပို့ပြီး ငွေကြေးတောင်းခံတဲ့ဖြစ်စဥ်တွေ ပေါ်ပေါက်နေလို့ ပြည်သူတွေအနေနဲ့ သတိရှိကြပါ” လို့ ပြောပါတယ်။

လုပ်ငန်းရှင်တွေဆီ ရောက်ရှိလာတဲ့ အဆိုပါ ခြိမ်းခြောက်ငွေတောင်းစာတွေမှာ ငွေကျပ် ၃ သိန်း ထည့်ဝင်ဖို့နဲ့ မထည့်ဝင်ရင် အသက်အိုးအိမ်ကို အာမမခံ​ဘူးလို့ ခြိမ်းခြောက်ရေးသားထားပြီး မတ် ၇ ရက်နဲ့ ၈ ရက်နေ့စွဲတွေ ပါရှိနေတယ်လို့လည်း ဆိုပါတယ်။

“ကျနော်တို့အဖွဲ့ အပါအဝင်ပေါ့ဗျာ၊ တော်လှန်ရေးလုပ်နေကြတဲ့အဖွဲ့တွေက ပြည်သူတွေဆီကနေ ဇွတ်အတင်း ခြိမ်းခြောက်တောင်းခံတာတွေ မရှိဘူး။ အရင်ကလည်း မရှိဘူး။ နောက်လည်း ရှိလာမှာမဟုတ်ဘူး။ ဒါပေမဲ့ ပြည်သူက စေတနာနဲ့ ထည့်ဝင်လှူဒါန်းတဲ့ တော်လှန်ရေးအလှူငွေကိုတော့ လက်ခံပါတယ်။ အခုဖြစ်နေတာက ချောင်းဦးမြို့နယ်ထဲက ဆန်စက်၊ ဆီစက်ပိုင်ရှင်တွေ၊ အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်တွေနဲ့ စက်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင်တွေဆီကို ကျနော်တို့အဖွဲ့ Logo ပါတဲ့ ခြိမ်းခြောက်စာအတုတွေပို့ထားပြီး ငွေကြေးခြိမ်းခြောက်တောင်းနေတဲ့ စာတွေ တွေ့နေရတယ်။ နောက်ဆုံးရထားတဲ့ အချက်အလက်တွေအရကတော့ လုပ်ငန်းရှင် ၇ ယောက်ဆီကို အပို့ခံထားရတယ်လို့ သိရတယ်ဗျ။ နောက်ထပ် လုပ်ငန်းရှင် ဘယ်နှဦး ကျန်ဦးမလဲ မသိရသေးဘူး။ တချို့ကျတော့လည်း စစ်တပ်ကို ကြောက်လို့ မပြောရဲကြဘူးလေ။ အခုကိစ္စတော့ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေကို ပုံဖျက်ချင်တာရယ်၊ လုပ်ငန်းရှင်တွေကို တော်လှန်ရေးဘက် ထောက်ပို့လုပ်တယ်လို့ ခွင်ဆင်ပြီး ငွေထပ်ညှစ်ချင်တာရယ်တွေကြောင့် အခုလို ကလိမ်ကကျစ် လုပ်တယ်လို့ မြင်တယ်ပေါ့ဗျာ။ ဘယ်သူတွေ လုပ်သလဲဆိုတာက ရိုးရှင်းပါတယ်။ ဒါပေမဲ့ အတိအကျသိရဖို့ကို ရဲဘော်တွေ စုံစမ်းနေကြလို့ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်ဗျ” လို့ ချောင်းဦးမြို့နယ် ပကဖ တာဝန်ခံ ကိုဖီးနစ် က DVB ကို ပြောပါတယ်။

ပြည်သူတွေအနေနဲ့ အခုလို CHU PDF အမည်နဲ့ ခြိမ်းခြောက်ငွေတောင်းခံတာတွေ ထပ်မံကြုံတွေ့လာရရင်လည်း CHU PDF ရဲ့ တပ်ဖွဲ့ဝင်တွေဆီကို အမြန်ဆုံး ဆက်သွယ်သတင်းပေးပို့ကြဖို့နဲ့ ပြည်သူတွေအပေါ် အခုလို CHU PDF အမည်နဲ့ ရုံးစာအတုပြုလုပ်ပြီး ခြိမ်းခြောက်လိမ်လည်ကာ ငွေကြေးတောင်းခံနေသူတွေကို ဖော်ထုတ်ပြီး စစ်ကောင်စီတပ်နဲ့ တန်းတူသတ်မှတ်ပြီး ချေမှုန်းသွားမယ်လို့လည်း သူကဆက်ပြောပါတယ်။

ချောင်းဦးမြို့နယ်အတွင်း မုံရွာ-မန္တလေးလမ်းပိုင်းပေါ်မှာ မတ် ၄ ရက် ညနေက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဒုဗိုလ်တယောက် အပါအဝင် ၁၇ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့သလို မတ် ၆ ရက် ညနေပိုင်းမှာလည်း အဆိုပါလမ်းပိုင်းပေါ်က မြပုလဲစစ်ကောင်စီတပ်အထိုင်စခန်းထဲကို ဒရုန်းနဲ့ ဗုံးသီး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့မှုအတွင်း ညစာစားနေကြတဲ့ စစ်ကောင်စီလက်အောက်ခံ လက်နက်ကြီး ကွန်မန်ဒါအရာရှိတယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိပြီးနောက်ပိုင်း အခုဖြစ်စဥ် ပေါ်လာတာလို့ CHU PDF ဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013