
ပအိုဝ်းပြည်သူ့စစ် PNA ဟာ ညောင်ရွှေမြို့နယ်က စစ်ရှောင်စခန်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ထပ်မံစစ်ရှောင်ဖို့ ဖိအားပေးတိုက်ခိုက်ခဲ့တယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အမှတ် ၁၀၀၉ တပ်ရင်းဆီက သိရပါတယ်။
ဘုရားတောင် စစ်ဘေးရှောင်စခန်းတွေကို ပအိုဝ်းပြည်သူ့စစ်(PNA)က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး ရေပူကျေးရွာသားတွေကို မြောက်ဘက်ကို စစ်ရှောင်ဖို့ ဖိအားပေးနေတာ ဖြစ်ပါတယ်။
အခုအခါမှာတော့ ရေပူကျေးရွာသားတွေကို ပြည်သူ့စစ်အတွင်း ထည့်သွင်းပြီး စစ်ရေး လေ့ကျင့်နေတာကြောင့် ပအိုဝ်းပြည်သူ့စစ်(PNA) အတွင်းဝင်ရောက် သင်တန်းတက်တဲ့သူတွေကို စုံစမ်းစိစစ်ပြီး ပြင်းပြင်းထန်ထန် အရေးယူမှာဖြစ်တာကြောင့် ပအိုဝ်းပြည်သူ့စစ်(PNA)နဲ့ လုံးဝမပတ်သက်ကြဖို့ အမှတ် ၁၀၀၉ တပ်ရင်းက သတိပေးပါတယ်။
အမှတ် ၁၀၀၉ တပ်ရင်းက တာဝန်ရှိသူတယောက်က “ရေပူမှာ အခြေနေမကောင်းတော့ ဘုရားတောင်ရွာကို ရှောင်ကြတာ။ ဘုရားတောင်မှာရှောင်ကြတော့ လက်နက်ကြီးခဏခဏထုပြီး အင်းမြောက်ခြမ်းကို ထပ်ရှောင်ခိုင်းတယ်။ လက်နက်ကြီးနဲ့ ခဏ ခဏပစ်တော့ ထိခိုက်တာတွေရှိတော့ ပြည်သူတွေလည်းရှောင်ရတော့တယ်။ မကြာဘူး၊ ရွာသားတွေကိုစည်းရုံးပြီး စစ်သင်တန်း တက်ခိုင်းတယ်။ PNA ပြည်သူ့စစ်သင်တန်းတက်ခိုင်းတာ။ တက်တဲ့သူတွေ အယောက် ၃၀ လောက်ရှိတယ်။ အဓိက က စစ်ခွေး၊ PNO,PNA ကြီးစိုးတဲ့နယ်မြေတွေကို ရှောင်စေချင်ပါတယ်” လို့ ပြောပါတယ်။
အခုဖြစ်ပွားနေတဲ့ စစ်ပွဲဟာ လူထုက ဆန့်ကျင်တိုက်ခိုက်ခုခံကာကွယ်နေတဲ့ စစ်ပွဲဖြစ်တာကြောင့် ပအိုဝ်းပြည်သူ့စစ်(PNA) ဟာလည်း ရန်သူစစ်ကောင်စီနဲ့အတူမနေထိုင် စစ်ကောင်စီခိုင်းစေသမျှ မလုပ်ဆောင်ရင် ရန်သူအဖြစ်သတ် မှတ်တိုက်ခိုက်တာမျိုးမရှိဘူး လို့ အမှတ် ၁၀၀၉ တပ်ရင်းက အသိပေးပါတယ်။
အမှတ် ၁၀၀၉ တပ်ရင်းရဲ့ တာဝန်ရှိသူက “အင်းမြောက်ခြမ်း တချို့ရွာတွေမှာလည်း အုပ်ချုပ်ရေးမှူးတွေက ပြည်သူ့စစ်ကိုဝင်ရင် စစ်မှုမထမ်းရတော့ဘူးလို့ပြောပြီး ရွာသားတွေကို စည်းရုံးလို့ ပျူဘက်ကိုဝင်သွားတဲ့ လူငယ်တွေအများအပြားရှိတယ်” လို့ ပြောပါတယ်။
ဒါကြောင့် အင်းလေးဒေသက ထီရီး၊ နမ့်ပွန်၊ ထီဟန်းတား၊ ရန်ကင်း၊ ဟူးရမ်း၊ လွယ်ခေါ်ကျေးရွာတို့က ပြည်သူတွေအနေနဲ့ ညီနောင်ပအိုဝ်းတိုင်းရင်းသားတွေနေထိုင်တဲ့ ကျေးရွာအနေနဲ့ PNO/PNA တွေကို ရှောင်ကြဉ်ဖို့ အမှတ် ၁၀၀၉ တပ်ရင်းက သတိပေးထားပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့က ရေပူကျေးရွာမှာ တော်လှန်ရေးတပ်တွေနဲ့ PNO ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး PNO ဘက်က ၅ ယောက် သေဆုံး၊ ၄ ယောက် အရှင်ဖမ်းမိခဲ့ပါသေးတယ်။