Home
မြန်မာသတင်း
ကျောက်ဖြူက စစ်ကောင်စီတပ်စခန်း ၄ ခုကို AA သိမ်းပိုက်
DVB
·
March 5, 2025

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံကို ရောက်ရှိနေစဉ်မှာ အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အခြေစိုက် စစ်ကောင်စီရဲ့ ဓညဝတီ ရေတပ်ဌာနချုပ်ရဲ့ ကာကင်းစခန်း ၃ ခုနဲ့ အမှတ် ၃၂ ရဲတပ်ရင်းရဲ့ ကာကင်းစခန်းတခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ ဓညဝတီ ရေတပ်ဌာနချုပ်ရှိ ကာကင်းတခုနဲ့ အနီးမှာရှိတဲ့ စည်မော်၊ စိုင်ခြုံရွာရှိ ကာကင်းစခန်းတွေ အပါအဝင် အမှတ် ၃၂ ရဲတပ်ရင်းက ကာကင်းစခန်းတခုကို မတ် ၄ ရက်က သိမ်းပိုက်နိုင်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“ကျောက်ဖြူမှာက နေ့တိုင်း တိုက်ပွဲပြင်းထန်နေတုန်းပဲ။ မတ်လ ၃ ရက်နေ့ကလည်း စစ်ကောင်စီ ကာကင်းပြုလုပ်ထားတဲ့ စည်မော်ကျေးရွာက ကာကင်းစခန်း၊ စိုင်ခြုံကျေးရွာက ကာကင်းစခန်းတခု၊ ဓညဝတီရေတပ်က ကာကင်းစခန်းတခုနဲ့ ရဲတပ်ရင်း ၃၂ က ကာကင်းစခန်းတခုကို သိမ်းပိုက်နိုင်ခဲ့တာ ရှိတယ်။ လက်ရှိမှာလည်း ရဲတပ်ရင်း ၃၂ နဲ့ ဓညဝတီ ရေတပ်အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီးတော့ စစ်ကောင်စီဘက်ကလည်း ရေကြောင်းပစ်ကူတွေနဲ့ အဓိက ခုခံနေတယ်။”

စည်မော်ကျေးရွာနဲ့ စိုင်ခြုံကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွေကို AA က သိမ်းပိုက်လိုက်ပြီးနောက် ကျေးရွာအတွင်း ပိတ်မိနေတဲ့ ကျေးရွာသားတချို့ကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး စစ်ကောင်စီနဲ့ AA တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေကြတာဖြစ်ပြီး စစ်ကောင်စီတပ်စခန်းအနီးရှိ ဦးကင်၊ ကြတ္တိန်၊ စည်မော်၊ စိုင်ခြုံ၊ ရှောက်ချောင်း ကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် စစ်ကောင်စီက သူတို့ရဲ့ တပ်ရင်းအနီးတွေမှာရှိတဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

အာရက္ခတပ်တော်ဟာ ကျောက်ဖြူနဲ့အတူ စစ်တွေမြို့နယ်ကိုလည်း တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူ၊ ရေကြောင်းပစ်ကူတွေနဲ့ အပြင်းအထန် ခုခံနေတာ ဖြစ်ပါတယ်။

ရခိုင်တိုက်ပွဲ တနှစ်ကျော်အတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၅ ခုအထိ သိမ်းပိုက်ထားပြီး ရခိုင်ပြည်နယ်ရှိ လက်ကျန်မြို့ ၃ မြို့ထဲက ကျောက်ဖြူနဲ့ စစ်တွေမြို့တို့ကို စတင်ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013