
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ခြမ်းက နှမစားရစ်ကျေးရွာကို စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂၇ ရက် မနက်အစောပိုင်းမှာ မြေပြင်စစ်ကြောင်းထိုးပြီး ရွာအတွင်းဝင်ရောက်ကာ ရွာသားတွေကို သတ်ဖြတ်ပြီး လူနေအိမ်တွေကိုပါ မီးရှို့သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ဇီးဖြူကုန်းရွာ၊ သီးလုံး၊ ပန်းရံ၊ တည်သီးတော၊ ခွန်တောင်း၊ ညောင်ကိုင်း၊ မြင်ချင်၊ ဇီးကုန်း၊ မင်္ဂလာရွာ စတဲ့ကျေးရွာတွေက ပျူစောထီးတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
နှမစားရစ်ရွာက ပြည်သူတယောက်က “ရွာထဲဝင်တာက မနက်ခင်း ၅ နာရီကျော် ၆ နာရီလောက်က လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ပြီး ဝင်လာတာဗျ။ ရွာသားတွေ လွတ်အောင်ပြေးနိုင်သူက ပြေးကြတာပေါ့။ မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့သူတွေကတော့ အခုမြင်တဲ့အတိုင်းပဲ ရက်ရက်စက်စက်ကို သတ်ဖြတ်သွားကြတာ။ ကြည့်ရက်စရာကို မရှိပါဘူးဗျာ။ ဦးအောင်စိုးအလောင်းဆိုရင် လည်ပင်းကို ဓားနဲ့လှီး သတ်ဖြတ်ခဲ့ကြတယ်။ ဦးခေါင်းလည်း ပွင့်ထွက်နေတာပဲ။ ဦးအောင်စိုးက အသက် ၅၀ ကျော်အရွယ်ပဲ ရှိတာပါ။ နောက်ထပ် လေဖြတ်နေတဲ့ အဘွား ဒေါ်နွဲ့ကြည်ကိုလည်း မီးရှို့ထားခဲ့တယ်။ အသက်က ၉၀ ရှိနေပါပြီ။ ရွာကိုလည်း မီးရှို့သွားတယ်။ ကျနော်တို့ရွာကို မီးစရှို့တာက မနက်ခင်း ၈ နာရီကျော်ကျော်မှာ စရှို့တာဗျ။ ၁၁ နာရီကျော်တဲ့အထိ ရွာထဲကနေ မထွက်ဘဲနဲ့ကို ရှို့သွားတာ။ အဲလို ရွာကိုမီးရှို့ပြီး ရွာကနေ ၁၂ နာရီကျော်တော့ ပြန်ထွက်သွားကြတယ်။ ပြည်သူပိုင် ဆန်၊ ဆီ၊ ဆားနဲ့ အခြေခံစားသောက်ကုန်တွေကို ကားတွေ၊ ထော်လာဂျီတွေနဲ့ ဇီးဖြူကုန်းရွာဘက် သယ်သွားကြတယ်။ ပရိဘောဂတွေလည်း သယ်သွားကြပါတယ်” လို့ ပြောပါတယ်။
နှမစားရစ်ရွာဟာ အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး စစ်တပ်က မီးရှို့ခဲ့တာကြာင့် အိမ်ခြေ ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး စပါးနဲ့ ကောက်ပဲသီးနှံတွေပါ မီးလောင်ပျက်စီးခဲ့ရတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ အခုရက်ပိုင်းအတွင်း စခန်းစွန့်ခွာပြီး အင်အားပေါင်းစည်းတာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
ဆိတ်ခွန်ရွာ ပြည်သူ့ကာကွယ်ရေးတပ်ခေါင်းဆောင် ကိုဂျေက “ပြီးခဲ့တဲ့ရက်ပိုင်းက ညောင်ကိုင်းရွာက ပျူတွေက တည်သီးတောရွာ၊ ဇီးဖြူကုန်းရွာတွေဆီ တပ်ပြန်ပေါင်းတာတွေ လုပ်သွားတယ်။ အဲလိုလုပ်ပြီး သူတို့ဘက်က အင်အားများလာတော့ ပြည်သူတွေ ရွာတွေဘက်ကို ရိက္ခာလုတာတွေ လုပ်လာတယ်။ အခုလည်း ရိက္ခာလုတာပဲလေ။ သူတို့ ရွာကို မီးရှို့ပြီး ပြန်အထွက် မြို့သာရွာကိုလည်း မီးရှို့သွားကြသေးတယ်။ အဲရွာရဲ့ မီးလောင်ပျက်စီးတာကိုတော့ ဘာမှ မသိရသေးဘူး” လို့ ပြောပါတယ်။
စစ်တပ်က ရွှေဘိုနယ်အနောက်ခြမ်း နှမစားရစ်ကျေးရွာအနီးက ဆိတ်ခွန်ရွာကို ဖေဖော်ဝါရီ ၇ ရက်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။