
ဧရာဝတီတိုင်းမှာ အချိန်အခါမဟုတ် မိုးဆက်တိုက်ရွာတာကြောင့် ဆောင်းသီးနှံတွေရေနစ်မြုပ်ကာ ပျက်စီးမယ့် အခြေအနေဖြစ်ပေါ်နေတယ်လို့ ဒေသခံတောင်သူတွေ ဆီကနေ သိရပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နဲ့ ၂၅ ရက်တို့မှာ အချိန်အခါမဟုတ် မိုး ရက်ဆက်ရွာသွန်းခဲ့တာကြောင့် မြန်အောင်၊ ကြံခင်း၊ သာပေါင်း၊ ရေကြည် စတဲ့ မြို့နယ်တချို့က တောင်သူတွေ စိုက်ပျိုးထားတဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ နေကြာ၊ မြေပဲ စတဲ့သီးနှံတွေ ရေနစ်မြုပ်နေတာလို့ ဆိုပါတယ်။
မြန်အောင်မြို့နယ်နေ ဒေသခံတောင်သူတယောက်က “ပဲခင်းတွေက အပွင့်တွေ ပွင့်နေတဲ့ အချိန်ဆိုတော့ ဘာမှပြန်မရဖြစ်တော့မှာ။ မိုးက ၂ ရက်လောက်ကို ဆက်ရွာခဲ့တာ။ အခု ရေတွေခပ်ထုတ်နေရတယ်။ ရေထွက်သွားရင်တောင် သီးနှံတွေ အောင်မြင်မယ် မထင်ဘူး။ ပဲက ရေမကြိုက်တဲ့သီးနှံလေ” လို့ ပြောပါတယ်။
အဲဒီ အချိန်အခါမဟုတ် မိုးဒဏ်ကြောင့် တောင်သူတွေ စိုက်ပျိုးထားတဲ့ မတ်ပဲနဲ့ ပဲတီစိမ်းသီးနှံတွေ ဧကထောင်ချီ ရေနစ်မြုပ်ကာ အပွင့်တွေကြွေ၊ အရွက်တွေဝါ အရောင်ပြောင်းပြီး ပုပ်လာတာတွေ အဓိကဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
ကြံခင်းမြို့နယ်က ဒေသခံတောင်သူတယောက်က “ဒီဘက် ပဲခင်းတွေက နုတ်ရတော့မယ့် အနေအထားရောက်နေပြီး မိုးကရွာချလိုက်တော့ တော်တော် ဒုက္ခရောက်နေတာ။ ပဲပင်ပေါက်ပဲ ရောင်းရတော့မယ့် အခြေအနေဖြစ်နေတာ။ နုတ်ရတော့မယ့် အဆင့်မရောက်တဲ့ ပဲတွေကျတော့လည်း မိုးမိတဲ့ ပဲခင်းတွေဆို ပိုးကျတတ်တယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ အချိန်အခါမဟုတ် မိုးဒဏ်ကြောင့် ပဲခင်းတွေအပြင် စပါးခင်းတွေ ရေနစ်မြုပ်တာရှိပေမဲ့ ရေမြုပ်တဲ့စပါးတွေက ပျက်စီးလောက်တဲ့အထိ ဖြစ်ပေါ်တာမရှိဘူးလို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်ကနေ ၂၇ ရက်အထိ ၄ ရက်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တဲ့အတွက် ရေစိုမခံနိုင်တဲ့ လုပ်ငန်းလုပ်ကိုင်သူတွေ သတိပြုဖို့လိုအပ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
အချိန်အခါမဟုတ်မိုးရွာသွန်းမှုဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့က လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီး ရပ်ဝန်းဒေသမှ ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံမှုအပြင် အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့အရှိန်နဲ့ အရှေ့ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်တွေကြောင့် ဖြစ်ပေါ်နေတာလို့ မိုးဇလက ထုတ်ပြန်ပါတယ်။