
မြောက်ကိုရီးယားနိုင်ငံဟာ အင်အားကြီးမားတဲ့ စစ်တပ်ကို တည်ဆောက်လာရာမှာ ပိုမိုမြင့်မား အောင်မြင်လာပေမဲ့ အတွေးအကြံ အယူအဆသာ မပါရှိရင် လက်နက်တွေဆိုတာ ရိုးရိုး သံထည်ပစ္စည်း သာသာပဲလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောကြားလိုက်ပြီး သစ္စာစောင့်သိမှုရှိဖို့ သူ့ရဲ့ ထိပ်တန်း စစ်ဘက်အုပ်စုတချို့ကို အလေးပေး ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ယူကရိန်းကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ရုရှားနိုင်ငံဆီ စေလွှတ်ထားတဲ့ သူ့တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော်ထဲက အများအပြားဟာ ကြီးကြီးမားမား သေကျေပျက်စီး ဆုံးရှုံးမှုများစွာကို ခံစားနေကြရမှုနဲ့အတူ ပြည်တွင်းမှာ နိုင်ငံရေး မရေရာတဲ့အချိန်မှာ ကင်မ်အီလ်ဆွန်း နိုင်ငံရေးတက္ကသိုလ်ကို ရောက်ရှိနေတဲ့ ကင်မ်ဂျုံအန်းက မှတ်ချက်ပေး ပြောသွားတာပါ။
ကိုရီးယားပြည်သူ့တပ်မတော် (KPA) ဟာ ကမ္ဘာပေါ်မှာ အင်အားအကောင်းဆုံးစစ်တပ် ဖြစ်လာစေဖို့ ရည်မှန်းထားတာကြောင့် မစ်ရှင်ရဲ့ အာရုံစိုက်ထားမှုဟာ ပြည်သူတွေနဲ့ ပါတီရဲ့ စစ်တပ်ရဲ့ နိုင်ငံရေး၊ အတွေးအခေါ်၊ စိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အားသာချက်တွေကလွဲလို့ တခြားမရှိသင့်ကြောင်း ကင်မ်ဂျုံအန်းက ပြောကြားခဲ့ပါတယ်။
ကင်မ်အီလ်ဆွန်း နိုင်ငံရေးတက္ကသိုလ်ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အချိန်ပြည့် စစ်အင်အား ၁ သန်းကျော်ထဲက အင်အားကြီး နိုင်ငံရေးယန္တရားမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတွေအတွက် လေ့ကျင့်ရေးကွင်းဖြစ်ပြီး အာဏာရ အလုပ်သမားပါတီက နိုင်ငံရေးကို တိုက်ရိုက် ချုပ်ကိုင်ထားတာ ဖြစ်ပါတယ်။
Source : Reuters