
ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်က လက်နက်၊ ခဲယမ်းတွေနဲ့အတူ ခွာစစ်ဆင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၇ ဦး သေဆုံးတယ်လို့ CDF-ASHO ဆီက သိရပါတယ်။
အခုလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ အင်အား ၁၀၀ ကျော်နဲ့ လက်နက်၊ ခဲယမ်းတွေ တင်ဆောင်ကာ ခွာစစ်ဆင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ပျဉ်းဝစစ်ဆေးရေးဂိတ် အနောက်ဘက်၊ နတ်ရေကန်လမ်းဟောင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၇ ဦးသေဆုံးကာ လက်နက် ၄ လက် သိမ်းဆည်းရမိတယ်လို့ CDF-ASHO က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
CDF-ASHO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းရိုးချင်းက “နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်နေတာလည်း လွန်ခဲ့တဲ့ရက်က ထုတ်ပြန်ထားတာလည်း ရှိပါတယ်။ အဲဒီအရှိန်ကြောင့်ပဲလား မသိဘူး၊ အဲဒီတပ်က လက်နက်ခဲယမ်းတွေ ပြန်လည်သယ်ဆောင်မယ်လို့ သိထားရပါတယ်။ အဲဒါတွေ သယ်ဆောင်ပြီး မြေပြန့်ဘက်ကို ဆုတ်ခွာလာတာပါ။ တပ်တခုလုံး ဆုတ်ခွာလာတာ မဟုတ်ပါဘူး” လို့ DVB ကိုပြောပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ကား ၄ စီးအနက် ၁ စီးဟာ မီးလောင်ပျက်စီးခဲ့သလို CDF-ASHO ဘက်က ရဲဘော် ၁ ဦးကျဆုံးကာ ၁ ဦး(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်ဟာ ရှင်းလင်းရေးလုပ်ဆောင်နေစဉ်မှာ မလွတ်မြောက်သေးတဲ့ စစ်ကောင်စီရဲ့ ကားတွေပေါ်က ပစ်ခတ်တဲ့ ကျည်ထိမှန်ကျဆုံးရတာဖြစ်နိုင်တယ်လို့ ဆလိုင်းရိုးချင်းက ပြောပါတယ်။
“ကျနော်တို့ တိုက်ခိုက်မှုတွေလုပ်နေတဲ့ အတောအတွင်းမှာ ကားတစီးက မီးလောင်ပျက်စီးနေပြီး တစီးက မောင်းလို့မရတဲ့အထိ ပျက်စီးနေချိန်မှာ ကားနားကိုကပ်ပြီး ရှင်းလင်းရေး လုပ်ဆောင်ချိန်မှာ အဝေးမှာရှိနေသေးတဲ့ လွတ်မြောက်မသွားသေးတဲ့ ရန်သူရဲ့ အဝေးကနေ ပစ်လိုက်တာ မှန်ပြီးတော့မှ ကျဆုံးသွားတာ။”
CDF-ASHO အနေနဲ့ အမ်းမြို့သိမ်းတိုက်ပွဲစတင်ကတည်းက အမ်း-ပဒါန်းလမ်းပိုင်းမှာ စစ်ကောင်စီရဲ့ စစ်အင်အား၊ လက်နက်၊ ရိက္ခာဖြည့်တင်းတာတွေကို ကြားဖြတ်တိုက်ခိုက်နေသလို အမ်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံဖမ်းဆီးတာတွေပြုလုပ်နေတဲ့ ကာကွယ်ရေးတပ်တခု ဖြစ်ပါတယ်။