
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က လာမယ့်လ ဒါမှမဟုတ် ပိုနီးတဲ့ကာလအတွင်း သစ်ခွဲသား၊ ကားတွေ၊ တပိုင်းလျှပ်ကူးပစ္စည်းနဲ့ ဆေးဝါးတွေအပေါ် ထပ်ဆောင်းခွန်တွေ ကောက်မယ်လို့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။
“ကားတွေ၊ ဆီမီးကွန်ဒတ်တာတွေ၊ ချစ်ပ်တွေ၊ ဆေးဝါးတွေနဲ့ သစ်ခွဲသားတွေအပေါ် အခွန်ကောက်မယ်၊ ဖြစ်နိုင်ခြေနဲ့ တခြားအရာတွေကို နောက်လ ဒါမှမဟုတ် မကြာခင်မှာ ကြေညာမှာပါ” လို့ မိုင်ယာမီမြို့မှာ ကျင်းပတဲ့ ညီလာခံတခုမှာ ထရမ့်ပ်က ပြောခဲ့ပါတယ်။ နောက်ထပ် အသေးစိတ်အချက်အလက်တွေကိုတော့ သူက မပြောခဲ့ပါဘူး။
ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတရာထူး ပြန်ရလာပြီးကတည်းက ထရမ့်ပ်ဟာ စည်းကြပ်ခွန် အများအပြားကို စတင်ကြေညာခဲ့ပြီး တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန်စည်းကြပ်ဖို့ မကြာခဏ ခြိမ်းခြောက်ခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ ခြိမ်းခြောက်မှုတွေထဲမှာ နိုင်ငံခြားကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် အလုံးစုံ စည်းကြပ်ခွန် ကောက်ခံခြင်းမှသည် တခြားသူတွေက သူ့ရဲ့ မူဝါဒ တောင်းဆိုချက်တွေကို ပြည့်မီအောင် လိုက်လျောစေဖို့ ကြိုးပမ်းရာမှာ သီးခြားကဏ္ဍတွေ၊ ဒေသတွေ ဒါမှမဟုတ် နိုင်ငံတွေအတွက် ရည်ရွယ်တဲ့ အမျိုးအစားတွေအထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပါတယ်။
ထရမ့်ပ်ရဲ့ ခြိမ်းခြောက်မှုတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲသွားခဲ့ပြီး နောက်ထပ် ဘာတွေ ဖြစ်ဦးမလဲ ဆိုတာကို တခြားနိုင်ငံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေက ရှင်းရှင်းလင်းလင်း မခန့်မှန်းနိုင်ကြပါဘူး။
ဘောဂဗေဒပညာရှင်တချို့နဲ့ ကျွမ်းကျင်သူတွေကတော့ ထရမ့်ပ်ရဲ့ စည်းကြပ်ခွန်တွေ ကောက်ခံခြင်းဟာ ငွေကြေးဖောင်းပွမှုကို လှုံ့ဆော်ပေးလိမ့်မယ်လို့ သတိပေးခဲ့ကြပါတယ်။
Source : Reuters