
အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုဖို့အတွက် စာရင်းပေးထားသူဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အယောက် ၂၂၀,၀၀၀ ကျော်ရှိတယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက သိရပါတယ်။
၂၀၂၅ ခုနှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက်ကနေ ၂၂ ရက်အထိ ပိတ်ရက်မရှိ ဖြေဆိုရမှာဖြစ်ပါတယ်။
စာရင်းပေးသွင်းသူ အရေအတွက်ဟာ တနိုင်ငံလုံးအတိုင်းအတာ ၂၂၀,၀၀၀ ကျော် စာရင်းပေးထားပြီး စာစစ်ဌာန ၈၀၀ ကျော် ဖွင့်လှစ်ကျင်းပမှာဖြစ်ကာ စာမေးပွဲဖြေဆိုခွင့် လျှောက်ထားတာကို မတ် ၁၆ ရက်အထိ ခွင့်ပြုသွားမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အရာရှိတယောက်က ပြောပါတယ်။
“မနှစ်ကထက် အရေအတွက် ပိုတိုးလာတယ်။ ဒီနှစ် လွိုင်ကော်အတွက်လည်း စာစစ်ဌာန ထည့်ထားတယ်။ လွိုင်ကော်မှာ မဖြေချင်လို့ တခြားနေရာမှာ ဖြေမယ်ဆိုလည်း ရတယ်။ ရွှေ့ပြောင်းနေထိုင်တဲ့ ကျောင်းသားကျောင်းသူတွေ အနေနဲ့လည်း တက်ခဲ့တဲ့ ပညာသင်နှစ်၊ ကျောင်းနာမည်၊ မြို့၊ အမည်၊ ဘာသာတွဲတွေကို ပြောပြပြီး ဖြေလို့ရပါတယ်။”
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ စာရင်းပေးထားသူတွေဟာ တိုင်းဒေသကြီး/ပြည်နယ်တွေရှိ ခရိုင် ၁၀၄ ခရိုင်နဲ့ မြို့နယ်ပေါင်း ၂၅၀ က ကျောင်းသား ကျောင်းသူတွေဖြစ်ပြီး ဖြေဆိုဖို့ ထပ်တိုးလာရင်လည်း လက်ခံပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် တခြားစာစစ်ဌာနတွေမှာ ပြောင်းလဲဖြေဆိုမယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးတွေနဲ့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကိုလည်း တိုက်ရိုက်ဆက်သွယ်ပြီး လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ ဝင်ရောက်ဖြေဆိုခဲ့သူ ၁၂၀,၀၀၀ ကျော်သာ ရှိခဲ့ပါတယ်။
အရင်နှစ်က အကြောင်းအမျိုးမျိုးကြောင့် ဖြေဆိုဖို့ နောက်ကျသွားတဲ့ ကျောင်းသားကျောင်းသူတွေကို ဧပြီလထဲမှာ နောက်ထပ်စာမေးပြုလုပ်ပြီး ဖြေဆိုစေခဲ့ပါတယ်။