
စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ် ထုတ်ပြန်တဲ့ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းဟာ ၄ ပတ်ဆက်တိုက် ပြန်ကျဆင်းလာပါတယ်။
အခုတပတ်အတွက် စားအုန်းဆီတပိဿာ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းကို ၇,၀၇၅ ကျပ်ဖြစ်ကြောင်း ကော်မတီက ထုတ်ပြန်ထားရာမှာ အရင်တပတ်ထက် တပိဿာကို ၉၀ ကျပ် ထပ်မံကျဆင်းလာပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ လဆန်းပိုင်းက စားအုန်းဆီတပိဿာ ရည်ညွှန်းဈေးက တပိဿာကို ၇,၂၈၀ ကျပ်ထိ ရှိခဲ့ပေမဲ့ လက်ရှိမှာ ၇,၀၇၅ ကျပ်အထိ ကျဆင်းသွားတာပါ။
ဒါကြောင့် စာအုန်းဆီ ရည်ညွှန်းဈေးဟာ ၄ ပတ်ဆက်တိုက် ကျဆင်းလာတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒါပေမဲ့ ရည်ညွှန်းဈေးဟာ သီတင်းပတ် ၄ ပတ်အတွင်းမှာ တပိဿာကို ကျပ် ၂၀၀ စွန်းစွန်းသာ ကျဆင်းခဲ့ပါတယ်။
တဖက်မှာတော့ စားအုန်ဆီ ပြင်ပပေါက်စျေးဟာ တပိဿာကို ၁၂,၀၀၀ ကျပ်အထိ မြင့်တက်နေဆဲပဲလို့ ရန်ကုန်မြို့နေ ပြည်သူတွေက ပြောပါတယ်။
တောင်ဥက္ကလာမှာ နေထိုင်တဲ့ အိမ်ရှင်မတယောက်က “စားအုန်းဆီက အပြင်ဆိုင်တွေမှာတော့ ဝယ်ချင်တိုင်း ဝယ်မရဘူး။ စာအုပ်သမားတွေဆီက ပြန်ဝယ်တာတော့ တပိဿာကို ၁၂,၀၀၀ ပေးရတယ်” လို့ ပြောပါတယ်။
စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကတော့ ကမ္ဘာ့ စားအုန်းဆီဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်၊ ဘဏ်စရိတ်နဲ့ အခွန်အခတွေ ထည့်သွင်းတွက်ချက်ပြီး ပြည်တွင်းဈေးကွက်မှာ ရောင်းဝယ်ဖောက်ကားရမယ့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ပြည်တွင်းဈေးကွက်အတွင်းမှာ ဈေးနှုန်းမြှင့်တင်ရောင်းချတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာ အပါအဝင် မသမာတဲ့ လုပ်ရပ်တွေ လုပ်ဆောင်ပါက အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေး ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ ပြည်ပကနေ ဆီတင်သွင်းတာကို လျှော့ချဖို့အတွက် တင်သွင်းမှုပမာဏ ကန့်သတ်နေသလို တဖက်မှာလည်း ပြည်တွင်း ဆီထုတ်လုပ်မှု မြင့်တက်ရေး အားပေးတဲ့အနေနဲ့ ဆီစက်လုပ်ငန်းတွေကို ငွေထုတ်ချေးတာတွေ လုပ်နေပါတယ်။ ဒါပေမဲ့ ဆီဈေးတွေဟာ အောက်ခြေလူတန်းစားတွေအတွက် မြင့်မားတဲ့ ဈေးနှုန်းမှာပဲ ဆက်ရှိနေပါသေးတယ်။
အနှစ်