
စင်ကာပူအစိုးရက မြန်မာလုပ်သား ခေါ်ယူတာနဲ့ ပတ်သက်လို့ သူ့နိုင်ငံရှိ အေဂျင်စီတွေကို သတိပေးထားတာဟာ လုပ်သားစေလွှတ်ရေးလုပ်ငန်းအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိမနေဘူးလို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တချို့က ပြောပါတယ်။
စင်ကာပူနိုင်ငံကို အလုပ်သမားက တိုက်ရိုက်အလုပ်ရှာပြီး သွားတာ၊ ပွဲစားနဲ့ ချိတ်ဆက်သွားတာ များပြီး အေဂျင်စီချင်း ချိတ်ဆက်အလုပ်ခေါ်တာ များများစားစား ရှိမနေဘူးလို့လည်း သူတို့က ဆိုပါတယ်။
စင်ကာပူနိုင်ငံကို မြန်မာနိုင်ငံကနေ ပုဂ္ဂလိကအလုပ်လျှောက်ထားမှုတွေ များတဲ့အတွက် အလုပ်ခေါ်စာ ရရှိထားပြီးသားသူတွေအတွက်လည်း ထိခိုက်မှု မရှိနိုင်ဘူးလို့ ပြောပါတယ်။
ဝါရင့် ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က “သူ့ဘက်က ခေါ်မယ်ဆိုရင်တောင် ဒီဘက်က ပေးမထွက်တော့ဘူးလေ။ အဲဒီလိုအခြေအနေဖြစ်နေတော့ ပြန်သုံးသပ်တာ ဘာညာက အရေးပါမနေတော့ဘူး။ ဒီဘက်မှာက ပြည်ပထွက်ခွင့်တွေ တင်းကျပ်နေတော့ မသေချာတဲ့ အလုပ်သမားအလာကို အချိန်အကြာကြီး စောင့်မနေရအောင် ကြိုတင်သတိပေးတဲ့ သဘောပါပဲ” လို့ ပြောပါတယ်။
မြန်မာ့နိုင်ငံရေးအခြေအနေတွေကြောင့် စင်ကာပူနိုင်ငံတွင်းက လုပ်ငန်းတွေမှာ မြန်မာနိုင်ငံသားအလုပ်သမားတွေကို အလုပ်ခန့်တဲ့အခါ စိစစ်ခေါ်ယူဖို့နဲ့ တခြားနိုင်ငံတွေက အလုပ်သမားတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ စင်ကာပူနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၄ ရက်မှာ အလုပ်အကိုင်အေဂျင်စီ EAs တွေကို စာထုတ် သတိပေးထားတာပါ။
မြန်မာနိုင်ငံမှာ အရေးပေါ် အခြေအနေကြေညာထားတာ၊ စစ်အုပ်ချုပ်ရေး မြို့နယ်တွေ တိုးလာတာနဲ့ ခရီးသွား ကန့်သတ်ချက်တွေရှိနေတာ စတာတွေကြောင့် စင်ကာပူနိုင်ငံကို မြန်မာအလုပ်သမားခေါ်ယူမှာတာ နှောင့်နှေးမှုတွေရှိနေတဲ့အတွက် အလုပ်အကိုင်အေဂျင်စီတွေက အလုပ်ရှင်တွေဆီကို အသိပေးပြီးမှသာ အလုပ်သမား ခေါ်ယူပေးဖို့ သတိပေးစာထဲမှာ အကြံပြု ဖော်ပြထားပါတယ်။
စင်ကာပူရောက် မြန်မာတချို့ရဲ့ စည်းကမ်းမဲ့မှုတွေကြောင့် အခုလို သတိပေးမှုတွေ ဖြစ်လာရတာဆိုပြီး ပြောဆိုတာတွေရှိပေမဲ့ အာဏာသိမ်းမှုကြောင့် ဖြစ်လာရတဲ့ အကျိုးဆက်သာ ဖြစ်တယ်လို့ စင်ကာပူရောက် မြန်မာ့အရေး လှုပ်ရှားသူတချို့က ဆိုပါတယ်။
စင်ကာပူရောက် မြန်မာ့အရေးလှုပ်ရှားသူတယောက်က “စကစ က လူငယ်တွေ ပြည်ပထွက်ခွင့် ကန့်သတ်လိုက်တဲ့အပေါ် စင်ကာပူအစိုးရက သူ့နိူင်ငံက လုပ်ငန်းရှင်တွေ သိရအောင် ပြန်အသိပေးတာ။ မြန်မာဘက်ကသာ ပိတ်ဆို့တာမရှိရင် အခုလို သတိပေးလာနိုင်စရာ အကြောင်းမရှိဘူး။ ဒါကို မြန်မာလုပ်သားတွေရဲ့ စရိုက်ကြောင့် ဘာကြောင့်ဆိုပြီး ပြောတာကတော့ စစ်အုပ်စုရဲ့ လုပ်ရပ်ကို ဖုံးပြီး ဝါဒဖြန့်တာလို့ပဲ မြင်တယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံဘက်က စစ်ကောင်စီရဲ့ OWIC ပြုလုပ်ပေးရာမှာ ကန့်သတ်ထား မှုတွေကြောင့် အခြေခံ အလုပ်သမား (Work Permit သမား) တွေကို ခေါ်ယူရာမှာ အခက်အခဲတချို့ ရှိလာတဲ့ အတွက် စင်ကာပူအစိုးရက အခုလို ထုတ်ပြန်လိုက်တာ ဖြစ်နိုင်ကြောင်း စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတစ်ယောက်က ပြောပါတယ်။
“ဒီထုတ်ပြန်ချက်က SPass တွေ EP တွေကိုတော့ သိပ်ပြီး မလှုပ်ခတ်ဘူးပေါ့နော်။ တကယ်တော့ ဒါ PJ တွေ OWIC လုပ်ရတာ ခက်တာကြောင့် ဖြစ်သွားတယ်လို့ထင်တယ်။ PJ နဲ့လာမယ်ဆို ကုမ္ပဏီတွေဘက်က အလုပ်ခေါ်စာ ပို့ရတယ်။ ပြီးရင် ဒီဘက်ကစာရွက်စာတမ်းတွေနဲ့ OWIC လျှောက်၊ လျှောက်ပြီး စာရွက်စာတမ်းပြန်ကျလာရင် နေပြည်တော်ဘက်မှာ သင်တန်းသွားတက်ပြီးမှ OWIC ကတ် ရတယ်ပေါ့။ အခု OWIC အခက်အခဲတွေရှိနေတော့ အလုပ်ရှင်တွေအနေနဲ့လည်း အလုပ်များတာပေါ့။ အဓိက ပြဿနာတက်နေတာကတော့ travel document ခက်လာတဲ့အတွက် ဒီစာထွက်လာတယ်လို့ ယူဆရတာပဲခင်ဗျ။”
စင်ကာပူနိုင်ငံကနေ အခြေခံသမားတွေ တရားဝင်ခေါ်ယူမှုက နည်းပါးတာဖြစ်တဲ့အတွက် ပြည်ပအလုပ် အကိုင်ရှာဖွေရေးအေဂျင်စီတွေအပေါ်တော့ ထိခိုက်မှု သိပ်မရှိနိုင်ဘူးလို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းချုပ် (MOEAF) ရဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
“ကျနော်တို့ အေဂျင်စီဘက်ကတော့ စင်ကာပူကို လက်ရှိ supplied လုပ်နေတာ အရမ်းနည်းပါတယ်။ နည်းတာမှာ ပြီးခဲတဲ့ တနှစ် နှစ်နှစ်မှာလည်း အလုပ်အကိုင်လည်း ရှားပါးတယ်ပြောရမှာပေါ့။ နောက်သူတို့ဘက်က requirement လုပ်တာလည်းများတဲ့အတွက် ဒီဘက်က တခုခုဆို general worker ဆိုရင်တောင် သင်တန်းဆင်းလက်မှတ်ပါမှတို့ ဘာတို့ဆိုတော့ တော်တော်များများက မထွက်ဘူး။ လက်ရှိ ကျနော်တို့နိုင်ငံအနေအထား အရဆိုတော့ ကလေးတွေကလည်း အများအားဖြင့် စင်ကာပူဘက် ထွက်ကြတာ သိပ်မရှိကြပါဘူး။ အဲဒီအတွက် အေဂျင်စီတွေအနေနဲ့ကတော့ ဘာမှ ထိခိုက်မယ်မထင်ဘူး။”
လက်ရှိ စင်ကာပူနိုင်ငံမှာ မြန်မာလုပ်သား တသိန်းနီးပါးရှိပြီး နည်းပညာ ကျွမ်းကျင်လုပ်သား၊ ဆောက်လုပ်ရေး၊ ဟိုတယ်၊ သူနာပြုနဲ့ အိမ်အကူလုပ်သားအဖြစ် လုပ်ကိုင်နေကြသူ များတယ်လို့ အဲဒီရောက် မြန်မာအသိုက်အဝန်းဆီက သိရပါတယ်။
ဝေဝေ