
လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ပင်လောင်း၊ ဖယ်ခုံနဲ့ ပေါင်းလောင်းဒေသထဲက ကျေးရွာ ၃ ခုကို ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် (PNDF -KK)က အခု ဇန်နဝါရီလထဲမှာ သွားရောက်ဆေးဝါးကုသပေးခဲ့ပါတယ်။
ကားလမ်းမပေါက်တာကြောင့် ဆိုင်ကယ်တွေနဲ့ တောတောင်အထပ်ထပ်ကို ဖြတ်သန်းသွားရတာဖြစ်ပြီး လေကြောင်းရန်ကြောင့်လည်း အချိန်လုကုသပေးခဲ့ရတာပါ။
PNDF-KK ရဲ့ ဆေးအဖွဲ့ဝင် ခွန်အိုက်နောင်က “အဓိကကတော့ လမ်းပန်းဆက်သွယ်ရေးပေါ့နော်။ ဆိုင်ကယ်နဲ့ သွားရတယ်။ ဆေးဝါးကုတဲ့အချိန်မှာ အရင်လိုမျိုး အေးဆေးအချိန်ပေးပြီး လုပ်လို့မရဘူး။ ဘာလို့လဲဆိုတော့ လေကြောင်းရန်၊ လက်နက်ကြီးရန်တွေလည်းရှိတော့ အတတ်နိုင်ဆုံး အမြန်ဆုံးလုပ်ရတာပေါ့” လို့ ပြောပါတယ်။
PNDF KK အဖွဲ့အနေနဲ့ ဆေးဝါးတွေ ဝယ်ယူရာမှာ စျေးနှုန်းမြင့်တက်တာတွေ၊ သယ်ယူရတဲ့ လမ်းကြောင်းအခက်အခဲတွေကြောင့် လိုအပ်သလောက်မရနိုင်ဘဲ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့လည်း သိရပါတယ်။
စစ်ဘေးရှောင်အမျိုးသမီး တယောက်ဖြစ်တဲ့ မဖြူသဲဦးက “မိုးတွင်းဆို ဆိုင်ကယ်စီးမရဘူး။ လမ်းလျှောက်သွားရင် နေ့တဝက်လောက် လျှောက်ရတယ်။ ဆေးဝါးအခက်အခဲက ဆေးပေးခန်းသွားရင်လည်း ဆေးခန်းက ဖွင့်လား၊ မဖွင့်လား မသေချာဘူး။ ဆေးပေးခန်းကလည်း ဆေးဝါးအခက်အခဲကြောင့် များများမပေးနိုင်ဘူးပေါ့။ လူကြီးတွေများတဲ့အတွက် သွေးတိုးတို့ လူကြီးရောဂါတွေ အဖြစ်များတာပေါ့နော်” လို့ ပြောပါတယ်။
PNDF KK အဖွဲ့အနေနဲ့ အခက်အခဲတွေကြားကနေ စစ်ဘေးရှောင်ပြည်သူတွေအတွက် တလကို အနည်းဆုံး တကြိမ်နှုန်းနဲ့ စစ်ရှောင်စခန်းတွေမှာ ဆေးဝါးကုပေးဖို့ရှိတယ်လို့ ဆိုပါတယ်။
ကရင်နီနဲ့ ရှမ်းပြည်တောင်ပိုင်းက စစ်ဘေးရှောင်ပြည်သူတွေဟာ တောတောင်တွေထဲ စစ်ရှောင်ကြရပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ၊ စားဝတ်နေရေးအခက်အခဲတွေနဲ့ ဆေးဝါးအခက်အခဲတွေကို ကြုံတွေ့နေရပြီး အလှူရှင် လာရောက်လှူဒါန်းဖို့ကို စောင့်မျှော်ရတာတွေရှိတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။